၂၁ သြဂုတ်


အီရန်နိုင်ငံကို ထောက်လှမ်းစုံစမ်းရန်ရည်ရွယ်ပြီး ဟော်မုဇ်ရေလက်ကြားရှိ ရေကြောင်းလုံခြုံရေးမစ်ရှင် အဖွဲ့တစ်ဖွဲ့အတွက် အစည်းအဝေးခေါ်ယူရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို က ထပ်လောင်းပြောဆိုခဲ့သည်။ 


ယမန်နေ့က ပြုလုပ်သည့် အရှေ့အလယ်ပိုင်းနှင့် ပတ်သက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခု၌ မိုက်ပွန်ပီအို က အမေရိကန်အဆိုပြုမစ်ရှင်သို့ ဗြိတိန်နိုင်ငံနှင့် ဘာရိန်းနိုင်ငံတို့ ဝင်ရောက်ခြင်းကိုကြိုဆိုကြောင်း ပြောကြားကာ အခြားနိုင်ငံများ ပူးပေါင်းပါဝင်ခြင်း အလို့ငှာ မျှော်လင့်ပါကြောင်း  ထပ်လောင်းပြောကြားခဲ့သည်။


အီရတ် ၊ လက်ဘနွန် ၊ ဆီးရီးယား နှင့် ယီမင်တို့တွင် အီရန်၏ လုပ်ရပ်များသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးဆက်အနေဖြင့် ကြီးမားသည့် သက်ရောက်မှုဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှု ပိုမိုလိုအပ်သည်ဟု ၎င်းက အခိုင်အမာဆိုသည်။


အီရန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ် မာဂျစ် တက်ခ် ရာဗန်ချီ က အမေရိကန်နိုင်ငံသည် ထိုဒေသရှိ အကြမ်းဖက်သမားများကို တစ်ဖက်က ထောက်ပံ့ပေးနေကြောင်း ပြောဆိုကာ  မိုက်ပွန်ပီအို၏ ဝေဖန်ချက်များကို ပြန်လည်ချေပခဲ့သည်။


မာဂျစ် တက်ခ် ရာဗန်ချီ က ၎င်း၏ မဟာဗျူဟာရေထုထဲတွင် နိုင်ငံခြားစစ်တပ်များ ဝင်ရောက်စွက်ဖက်ခြင်းကို၎င်းနိုင်ငံအနေဖြင့် လက်မခံကြောင်း အလေးထားပြောကြားကာ ရေကြောင်းသွားလာမှုနှင့်စပ်ဆိုင်သော ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် ကြိုးစားမှုသည် အောင်မြင်မည်မဟုတ်ကြောင်း  ထပ်လောင်းပြောဆိုခဲ့သည်။


အီရန်နိုင်ငံအပေါ် အမြင်မှားနေသည်ဟုဆိုကာ အမေရိကန်နိုင်ငံကို ရုရှားနိုင်ငံကလည်း ပြစ်တင်ဝေဖန်ခဲ့သည်။


အမေရိကန် နှင့် အီရန် နှစ်နိုင်ငံ အကြား အပြန်အလှန်ဆွေးနွေးကြရန် ပြင်သစ်နိုင်ငံက တိုက်တွန်းပြောကြားခဲ့သည်။


ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို