ဝင်းဝင်းမော်

ရှပ်ကော်လံအဖြူ၊ ဘောင်းဘီရှည်နက်ပြာ၊ နက်ကတိုင်နက်ပြာလေးစီးလျက် ရှူးဖိနပ် တစ်ဒေါက်ဒေါက်ဖြင့် ဆယ်ကျော်သက်အရွယ် ကျောင်းသား ကျောင်းသူများ လွတ်လပ်ပေါ့ပါးစွာ ကျောင်းဝင်းအတွင်း လှုပ်ရှားသွားလာနေကြသည့် မြင်ကွင်းက မြင်ရသူတို့၏ စိတ်ကိုလည်း လန်းဆန်းတက်ကြွသလို ခံစားနိုင်သည်။

ထိုနေရာကား ရန်ကုန်မြစ်တစ်ဖက်ကမ်း သန်လျင်မြို့ သီလဝါရှိ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်ပင်ဖြစ်သည်။

ဆယ်တန်းအောင် အမှတ်စာရင်း ကြည့်လိုက်တဲ့အခါမှာ ဆေးပညာအမှတ်မမီဘူး။ ရေကြောင်းတက္ကသိုလ် အကြောင်းကိုလည်း အဲဒီတုန်းက သေချာသိပ်မသိဘူး။ ဒါပေမယ့် ရေကြောင်းပညာတက္ကသိုလ်ကို လျှောက်လိုက်တဲ့အခါ တက်ခွင့်ရလိုက်တယ်။ ငယ်စဉ်က သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ချင်တာ ။ ဒါပေမယ့် ကျွန်တော် ရွေးချယ်မှု မမှားခဲ့ပါဘူး ဟု စတုတ္ထနှစ် ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ် အထူးပြုဘာသာရပ် တက်ရောက်နေသည့် မောင်မင်းသန့်ညိုက ပြောသည်။

 

MDN

 

သင်္ဘောလိုင်းတိုက်ရိုက်ချိတ်ဆက်ခွင့်ရ

ရေကြောင်းပညာတက္ကသိုလ်က သင်္ဘောသားများသာ မွေးထုတ်ပေးသည်ဟု သိကြသော်လည်း B.E (Marine Engineering )/ B.E (Marine Electrical System and Electronics)/ B.Sc ( Nautical Science ) သုံးခုသည် သင်္ဘောလိုင်း တိုက်ရိုက်ချိတ်ဆက်ခွင့်ရပြီး ကျန်သည့် ဘာသာရပ်လေးခုမှာ အင်ဂျင်နီယာဘာသာရပ်များပင်ဖြစ်သည်။ အများအားဖြင့် ရေကြောင်းအထူးပြုသည့် အင်ဂျင်နီယာဘာသာရပ်များဖြစ်သည်။

၂၀ဝ၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ ဆင်မလိုက်နားမှာရှိတဲ့ ရေကြောင်း သိပ္ပံကျောင်းဝင်းအတွင်းမှာ စတင်တည်ထောင်ခဲ့ပါတယ်။ ၂၀ဝ၃ ခုနှစ်မှာ အခု နေရာဖြစ်တဲ့ သီလဝါကို ပြောင်းရွှေ့ခဲ့တာပါ။ လက်ရှိပင်မဆောင်ကိုတော့ ၂၀ဝ၄ ခုနှစ်မှာ စတင် ဖွင့်လှစ်အသုံးပြုခဲ့ပါတယ်။ ကျောင်းက သက်တမ်းအားဖြင့် ၁၇ နှစ် ရှိပြီဖြစ်ပါတယ် ဟု မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ပြောသည်။

 

MDN

 

သက်တမ်း ၁၇ နှစ်ရှိ အဆိုပါတက္ကသိုလ်သည် အလုပ်အကိုင်အခွင့်အလမ်းများနှင့် သင်္ဘောသားများစွာ မွေးထုတ်ပေးပြီး လက်ရှိအချိန်ထိ ဘွဲ့ရ ၃၈၈၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တွင် အင်ဂျင်နီယာဘွဲ့အနေဖြင့် - ရေယာဉ်တည်ဆောက်မှု/ ရေကြောင်းစက်မှု/ ရေကြောင်းအင်ဂျင်နီယာ/ ဆိပ်ကမ်းအင်ဂျင်နီယာ/ မြစ်ချောင်းနှင့် ကမ်းရိုးတန်းအင်ဂျင်နီယာ/ ရေကြောင်း လျှပ်စစ်နှင့် အီလက်ထရောနစ်/ သိပံ္ပဂုဏ်ထူးဘွဲ့ (ရေကြောင်းသိပ္ပံ)တို့ဖြစ်သည်။ ပညာသင်ဆဲကာလနှင့် ဘွဲ့ရပြီးကာလ အလုပ်အကိုင်အခွင့်များသည့် ရေကြောင်း စက်မှု/ရေကြောင်း လျှပ်စစ်နှင့် အီလက်ထရောနစ်/ရေကြောင်းသိပံ္ပ သုံးလိုင်းသည် သင်္ဘောလိုင်းများနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည်။ သင်တန်းအားလုံးသည် ငါးနှစ် သင်တန်းများဖြစ်သည်။

အဆိုပါ တက္ကသိုလ်တွင် ရေယာဉ်တည်ဆောက်မှု၊ ဆိပ်ကမ်းအင်ဂျင်နီယာ၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာဘာသာရပ် သုံးခုကို မာစတာဘွဲ့ပေးပြီး သင်္ဘောလုပ်ငန်း စီမံခန့်ခွဲရေး၊ ဆိပ်ကမ်းလုပ်ငန်းစီမံခန့်ခွဲရေး၊ ထောက်ပံ့ပို့ဆောင်ရေး ဟူသည့် ဘာသာရပ်သုံးခုကို ဘွဲ့လွန်ဒီပလိုမာဖြင့် အလုံမြို့နယ်တွင် တစ်နှစ်သင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။

အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေး

ကျောင်းသား ကျောင်းသူများ အလုပ်အကိုင်ရရှိရေးအတွက် နိုင်ငံတကာ သင်္ဘောလိုင်းများနှင့် ချိတ်ဆက်ပြီး MoU ရေးထိုးထားခြင်းကြောင့် ကျောင်းတက်နေစဉ်ကာလအတွင်း သင်္ဘောလိုင်းများမှ လာရောက်ရွေးချယ်မှုများ ရှိသည်။ သင်္ဘောလိုင်း မဟုတ်သည့် အခြားဘာသာရပ် ကျောင်းသား ကျောင်းသူများအတွက် ဂျပန်ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။

ဂျပန်ကုမ္ပဏီတွေက ဂျပန်စာကို သင်ပေးပါတယ်။ သတ်မှတ်အဆင့်ထိ တတ်မြောက်ရင် လူတွေ့စစ်ဆေးပြီး ရွေးချယ်သွားတယ်။ အခုဆိုရင် ရေကြောင်းတက္ကသိုလ်က ဘွဲ့ရ ကျောင်းသား/ ကျောင်းသူအများစုက ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။ တချို့လည်း မြန်မာပြည်မှာ ရှိတဲ့ ဂျပန်ကုမ္ပဏီတွေမှာ အလုပ်လုပ်နေ ကြပါတယ်။ သီလဝါစက်မှုဇုန်မှာရှိတဲ့ စက်ရုံတွေ၊ ဆိပ်ကမ်းတွေမှာလည်း အလုပ်ဝင်ရောက်နေသလို ပို့ဆောင်ရေး နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ အစိုးရဌာနတွေမှာလည်း အလုပ်ဝင်ရောက်နေကြပါတယ်။ ဒါကြောင့် အလုပ်အကိုင် အခွင့်အလမ်းကတော့ ယခင်ကထက်ကို ပိုပြီးများလာပါတယ်ဟု ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ပြောသည်။

ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင်ရရှိရေးအတွက် နိုင်ငံတကာ သင်္ဘောလိုင်းများစွာနှင့် ချိတ်ဆက်ထားပြီး ပူးပေါင်းဆောင်ရွက်မှုများရှိခြင်းကြောင့် ကျောင်းပြီးပါက အလုပ်အကိုင်ရရှိရေးအတွက် ၈၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်နှင့် နိုင်ငံတကာတက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျောင်းသား ကျောင်းသူ ၊ ဆရာ ဆရာမများ ပညာရပ် ဆိုင်ရာနှင့် သုတေသနဆိုင်ရာများ ဖလှယ်နိုင်သည့် အခွင့်အလမ်းများစွာကို ဖန်တီးပေးလျက်ရှိသည်။

ထောက်ပံ့မှုနှင့်လမ်းညွှန်မှုများကို ပံ့ပိုးပေး

ကျောင်း၏ တိုးတက်ရာတိုးတက်ကြောင်း ပြပွဲ ၊ ပြိုင်ပွဲများ အားကစားလှုပ်ရှားမှု၊ စီမံချက်ပြပွဲ၊ ဗဟုသုတရစေမည့် လေ့လာမှုများကို ဦးစီးဆောင်ရွက်ကြသည်ကို တွေ့မြင်ရပြီး ကျောင်းတာဝန်ရှိသူများကလည်း လိုအပ်သည့် ထောက်ပံ့မှုနှင့် လမ်းòန်မှုများကို ပံ့ပိုးပေးလျက်ရှိနေသည်။

နှစ်စဉ် ကျောင်းသား ၃၂၀ ခေါ်ယူလျက်ရှိသည့်အနက် အမျိုးသမီး ၂၀ ရာခိုင်နှုန်း သာ ခေါ်ယူကြောင်း သိရသည်။ လျှောက်ထားသည့် အမျိုးသမီးများအနေဖြင့် Marine Engineering / Marine Electrical System and Electronics / Nautical Science သုံးလိုင်းကို လျှောက်ခွင့်မရှိကြောင်း သိရ သည်။ ယခု၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသား ၄၀ဝ ခေါ်ယူမည်ဖြစ် ကြောင်း သိရသည်။ ထူးခြားချက်မှာ ကျောင်းဝင်ခွင့် လူတွေ့စစ်ဆေးမှုပါရှိပြီး မျက်စိစွမ်းရည်တွင် မှန်ကန်စွာ အရောင်ခွဲခြားနိုင်သည့် စွမ်းရည်စစ်ဆေးမှုပါရှိသည်။

ဆရာ ဆရာမဦးရေရော၊ ကျောင်းသားဦးရေရော နည်းတဲ့အတွက် ကျောင်းဆိုပေမယ့် ပုံစံက မိသားစုလိုပဲသွားတာ။ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေကြားက ဆက်ဆံရေးက နွေးထွေးတယ်။ ဒါကြောင့် ကျွန်တော် ပျော်ရွှင်မိပါတယ်ဟု စတုတ္ထနှစ် ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ် ကျောင်းသား မောင်မင်းသန့်ညိုက ပြောသည်။

ထို့အပြင် ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိသူများအတွက် ကျောင်းမှ တာဝန်ရှိသူများနှင့် ကျောင်းသားဟောင်းများက ရန်ပုံငွေစိုက်ထူကာ ငွေကြေးထောက်ပံမှုများလည်း ရှိကြောင်းသိရသည်။ ယခုနှစ်တွင် ကျောင်းသား ကျောင်းသူ ၂၀ ကိုတစ်လလျှင် ငွေကျပ် ၅ သောင်းနှုန်း ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

ငယ်စဉ်က သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ချင်ပြီး စူးစမ်းရတာ ဝါသနာပါသည့် မောင်မင်းသန့်ညို၏ စူးစမ်းချင်သည့်စိတ်က ပျောက်မသွားခဲ့ပေ။

ကျွန်တော် ပညာသင်ဆုတွေ လျှောက်မယ်။ ကျောင်းပြီးသွားရင် ပြည်ပမှာ သိပ္ပံပညာရပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာတွေကို ထပ်လေ့လာပြီး နောက်ထပ် ပညာတွေ ဆက်သင်ပြီး Ph.D ဖြစ်အောင်ကြိုးစားမယ်။ နဂို စိတ်ဝင်စားတဲ့ သိပ္ပံပညာရပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ဝါသနာကို သေချာလေ့လာပြီး လူတွေကို အကျိုးပြုတဲ့ပစ္စည်းတွေကို ထွင်သွားချင်တယ်

မြန်မာ့အလင်း