မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)
ကမ္ဘာပေါ်တွင်လူသားများ စတင်ပေါက်ဖွားလာသည့် အချိန်မှစတင်၍ နေထိုင်စားသောက်မှုပုံစံသည်လည်း ပြောင်းလဲလာခဲ့ပေသည်။ စားသောက်ရန်အတွက်လည်း အိုးအင်ခွက်ယောက်များ လိုအပ်လာခဲ့သည်။ သို့သော်လည်း ဦးစွာပထမ ဝါးမှရရှိသော ဝါးကျည် တောက်၊ ဝါးခွက်များကိုသာ အသုံးပြုနေကြပေသည်။ သစ်ဥသစ်ဖုများကိုသာ စားသောက်နေကြရာ ရာသီဥတုကြောင့် တောမီးလောင်ရာမှ သားရဲတိရစ္ဆာန်တို့မီးလောင်ပြီး အသားများမှာ မွှေးကြိုင်သင်းပျံ့သောရနံ့ရရှိကာ မီးဖြင့်ချက်ပြုတ်စားသောက်လျှင် ရနိုင်ကြောင်း သိရှိလာပြီးနောက်ပိုင်းကာလတွင် အိုးအင်ခွက်ယောက်များ လိုအပ်လာခဲ့ပေသည်။ ထို့ကြောင့်အိုးခွက်ပန်းကန်များ လိုအပ်လာသည့်အတွက် အိုးအင်ခွက်ယောက်များကို စတင်လုပ်ဆောင်လာခဲ့ကြတော့သည်။
ရှေးဟောင်းသုတေသန တူးဖော်မှုလုပ်ငန်းများစွာတွင် ယဉ်ကျေးမှုအမွေ အနှစ်အထောက်အထားများဖြစ်သည့် မြေအိုးမြေခွက်နှင့် အိုးခြမ်းကွဲများကို အများဆုံးတူးဖော်ရရှိပေသည်။ ထိုအထောက်အထားများအရ အစားအသောက် များကို ချက်ပြုတ်စားသောက်သိုလှောင်လေ့ရှိသည့် လူမှုအဖွဲ့အစည်း အလေ့အထ ဖြစ်သည်သာမက အိုးခွက်ပန်းကန်၊ မြေအိုး မြေခွက်စသည့် အမျိုးအစားများကို တီထွင်သုံးစွဲလေ့ရှိသည့် ယဉ်ကျေးမှုအဆင့်အတန်း လက္ခဏာရပ်များဖြစ်ကြပေသည်။ထိုအထောက်အထားများကို ကြည့်ရှုလေ့လာခြင်းဖြင့် ခေတ်ကာလအပိုင်းအခြားကို လေ့လာသိရှိနိုင်ပေသည်။ တူးဖော်တွေ့ရှိရသော အိုးခြမ်းကွဲများသည် မူလသွင်ပြင်လက္ခဏာများ ထင်ဟပ်နေသောမြေထည်အမျိုးအစားပုံသဏ္ဍာန်၊ ပြုလုပ်မှုနည်းစနစ်၊ အဆင်တန်ဆာတို့သည် ယဉ်ကျေးမှုအသီးသီးအား နှိုင်းယှဉ်လေ့လာဆက်စပ်ခြင်းတို့ဖြင့် တန်ဖိုးဖြတ်နိုင်ပေသည်။
မြေအိုးမြေထည် ထုတ်လုပ်ခြင်း
လူတို့စတင်အသိအမှတ်ပြုခဲ့ကြသော ကျောက်ခေတ်ကာလမှ နှောင်းပိုင်း ကျောက်ခေတ်သစ် ကာလလွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀၀ လောက်၌ မြေအိုးမြေထည် ထုတ်လုပ်ခြင်းအတတ်ကို စတင်ခဲ့သည်။ နှစ်ပေါင်း ၅၀၀၀ ခန့်လောက်မှ စတင်၍ အိုးထိန်းစက်ကို အသုံးပြုခဲ့ကြပြီဟု ပညာရှင်များက လက်ခံခဲ့ကြသည်။ မြန်မာနိုင်ငံ၏ အစောဆုံးမြေထည်ပစ္စည်း အထောက်အထားများကို ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် ပြဒါးလင်းဂူတူးဖော်မှုမှ စတင်တွေ့ရှိခဲ့ရပေသည်။ ပြဒါးလင်းဂူ နံရံပေါ်တွင် ရေးဆွဲထားခဲ့သောရှေးဦးလူတို့၏ပန်းချီပုံများနှင့် သက်တမ်းအပြိုင် အစောဆုံးမြေထည်များ သည်လွန်ခဲ့သောနှစ်ပေါင်း ၁၁၀၀၀ မှ ၁၀၀၀၀ ကာလ အထိ ကြာရှည်ခဲ့ပြီဖြစ်သည်။မြေထည်များကို လေ့လာကြည့်ပါကလည်း လက်ရာ ကြမ်းသော လက်ထွင်းအိုး(ခေါ်) လက်လုပ်အိုးများဖြစ်သည်။
ကျောက်ခေတ်သစ်ကာလအတွင်း ကျောက်ဂူအောင်း လူနေမှုဘ၀မှ မြေပြန့်သို့ဆင်းသက် အခြေချနေထိုင်လာချိန်မှစ၍ အိုးလုပ်ငန်းမှာလည်း တစ်စတစ်စ တိုးတက်လာခဲ့သည်။ စိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ အစားအသောက် ချက်ပြုတ်ရန်နှင့် သိုလှောင်သိမ်းဆည်းရန်အတွက် သိုလှောင်အိုး၊ ချက်ပြုတ်အိုးတို့ကို ပြုလုပ်လာခဲ့ကြသည်။ မြစ်ဝှမ်းဒေသတွင် နေထိုင်ကြသည့် လူတို့သည် ရွှံ့စေး အလွယ်တကူရရှိကြသဖြင့် အိုးလုပ်ငန်းသည် ကျောက်ခေတ်သစ်ကာလ အဦးပိုင်းတွင် ဆန်းသစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ကျောက်ခေတ်သစ် နေရာဒေသ များစွာရှိသည့်အနက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တူးဖော်ထားသည့်နေရာ အနည်းငယ်သာရှိသေးသည်။ မ္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ရွာအနီးရှိ ရှင်ရဲတစ်ထောင်ကုန်း၊ အမရပူရမြို့နယ် တောင်သမန်အင်းဒေသ၊ ပုသိမ်ကြီးမြို့နယ် ရွှေစာရံဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ပိုင်းထောင်ကြီးရွာထောက်မကုန်းဒေသ၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပုခန်းကြီးကြေးရိုးကုန်းဒေသတို့တွင် တူးဖော်ခဲ့ကြရာ ကျောက်ခေတ်သစ်ကာလလက်နက်များ၊ အရိုးစူးသွား၊ ကျောက်ကွင်း၊ အရိုးစု၊ ပုတီးစေ့ စသည်တို့နှင့်အတူ မြေထည်အိုးခွက်၊ အိုးခြမ်းကွဲတို့ကို တွေ့ရှိခဲ့ရသည်။
ကျောက်ခေတ်သစ်ကာလ၏ မြေထည်အိုးခြမ်းကွဲများ
ယေဘုယျအားဖြင့် မြန်မာ့ကျောက်ခေတ်သစ်ကာလ၏မြေထည်အိုးခြမ်းကွဲ များမှာ မြေထည်အမျိုးအစားအနေဖြင့် မီးခိုးရောင်ရွှံ့နှစ်ဖြင့်ပြုလုပ်သော မြေထည်နှင့် အနီရောင်သဲစပ် ရွှံ့စေးမြေထည်တို့ဖြစ်သည်။ အိုးပုံသ္ဌာန်များမှာ နှုတ်ခမ်း ကျယ်ရေတည်အိုး၊ စောက်နက်အင်တုံ၊ မြေကလပ်၊ ငရုတ်ဆုံ ဖင်ပြား၊သပိတ်ပုံအိုး၊ နှုတ်ခမ်းရှည်စောက်နက်အိုးငယ်၊ ဆီမီးခွက်ပုံ ပန်းကန်ပြားတို့ဖြစ်သည်။ အဆင် တန်ဆာများအဖြစ် ဘီးသွားအစင်းခြစ်ရာ၊ အဆင်းအတက်နှင့် လှိုင်းတွန့်များ၊ ဂျီဩမေတြီပုံများ၊ရာဇမတ်ကွက်ပုံများပါဝင်သည်။ မြေထည် အိုးခွက်တို့ကို အိုးထိန်း စက်ဖြင့်ပြုလုပ်သည်။ ကျောက်ခေတ်မှတစ်ဆင့် တိုးတက်ထွန်းကားလာသော ကြေးခေတ်ကာလ (ဘီစီ ၃၀၀၀ မှ ၁၀၀၀)၏ ယဉ်ကျေးမှု အထောက်အထားများကို လည်း မကြာသေးမီကာလအတွင်းက ရှေးဟောင်းသုတေသနဦးစီးဌာနမှ ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ကြသည်။ ဘုတလင်မြို့နယ် ညောင်ကန်ဒေသ၊ မုန်ထူးဒေသ၊ တောင်သာမြို့နယ် နှောကန်ဒေသနှင့် ရမည်းသင်းမြို့နယ် မြို့လှဒေသတို့အား တူးဖော်သုတေသနပြုရာတွင် ကြေးခေတ်ဦးမှသည် သံခေတ်ဦးနှင့်သက်ဆိုင်သော မြေအိုးမြေခွက် အမြောက်အမြားကို လူနေထိုင်ရာဒေသတွင်သာမက လူသေမြှုပ်နှံ သင်္ဂြိုဟ်ရာ သင်္ချိုင်းနေရာတို့မှလည်း တွေ့ရှိရသည်။ အဓိကမြေထည် အမျိုးအစားများမှာ အနီရောင်မြေ ထည်များဖြစ်ပြီး အိုးမျက်နှာပြင်အချောကိုင်အရောင်တင်ခြင်း မရှိသေးချေ။ မြေအိုးမြေခွက်ပုံသဏ္ဍာန်မျိုးစုံ တွေ့ရှိ ရပြီး ထင်ရှားသည်များမှာ အောက်ခြေ ခုံတွင် လက်ကိုင်ရိုးရှည်နှင့် အပေါ်ပိုင်း ပန်းကန်ပါရှိသော မြေကလပ်များ၊ အချို့မှာ အောက်ခြေဝိုင်း တစ်ခုတည်းပေါ် တွင် လက်ကိုင်ရိုး ပန်းကန်နှစ်ခု၊ သုံးခုပါရှိသော မြေကလပ်များ (Dish on Stand)ဆင်ရုပ်၊ နွားရုပ်၊ ဝက်ရုပ်စသည် လက်ကိုင်အဖုံးပါသော ဖင်လုံးကိုယ်ထည်ကား အိုးများ၊ ဆလင်ဒါပုံ စိမ်ရည်အိုးများ၊ နှုတ်ခမ်းလန်ဖင်လုံးနှင့် ချက်ပြုတ်အိုး၊ နှုတ်ခမ်းလန် စောက်နက်ခွက်၊ မြေပန်းကန်၊ အောက်ခြေပြားခွက်၊ အောက်ခြေလုံးခွက်၊ လည်ပင်းရှည် အိုး စသည်တို့ဖြစ်သည်။
ပျူခေတ်ကာလ မြေအိုးမြေခွက်များ
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်၌ အစဉ်အဆက် ရှိခဲ့သော ပျူခေတ် ကာလတွင်လည်း မြေအိုးမြေခွက်များသည် ထင်ရှားခဲ့ပေသည်။ ပျူတို့၏မြို့တော်များဖြစ်သော သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပင်လယ်၊ ၀တီးနှင့် တကောင်း စသည်တို့ကို တူးဖော်သုတေသနပြုရာတွင် ထူးခြားသော မြေထည်ပစ္စည်းများစွာထဲမှ အရိုးအိုးများသည် ပျူခေတ်ကာလ၏ လက္ခဏာတစ်ရပ်အဖြစ် တွေ့မြင်ကြရသည်။ ဤနေရာတွင် အရိုးအိုးဆိုသည်မှာ သေသူအား မီးသဂြုØဟ်ပြီးနောက် ရရှိလာသော အရိုးပြာကို အိုးတွင်ထည့်၍ မြှုပ်နှံလေ့ရှိသည်ပင်ဖြစ်သည်။ အရိုးအိုးများကို လည်ရစ်၊ ဖောင်းရစ်၊ အရေးအကြောင်းနှင့် ဖောင်းတွန့်များ ခြယ်လှယ်ထားသည်။ တစ်ခါတစ်ရံ အိုးပတ်လည်မျက်နှာပြင်ကို သီရိဝစ္ဆပုံ၊ ငှက်ရုပ်ပုံများစသည်ဖြင့် ဝိုင်းရံ အလှဆင် ထားလေ့ရှိသည်။အိုးဖင်အောက်ခြေကို ခပ်လုံးလုံး ပြုလုပ်ထားကာ အိုးနှုတ်ခမ်းတွင် အဖုံးအုပ်နိုင်ရန် နှုတ်ခမ်းရစ်အံများပါရှိသည်။ အိုးအဖုံးမှာလည်း ခွေးသွားစိတ်ပုံသဏ္ဍာန် အချွန်အတက်အရစ်များဖြင့် ကော့လန်နေအောင် ပြုလုပ်ထားကာ အလယ် လက်ကိုင်ဖု ပါရှိသည်။ အရိုးအိုးအများစုမှာ ကွဲအက်နေသည်ကများပြီး အနည်းငယ်မျှသာ အကောင်းအတိုင်းရရှိသည်။
ပျူခေတ်၏ ထင်ရှားသော မြေထည်အိုးခွက်များမှာ အရိုးအိုး၊ သိုလှောင်အိုး၊ ချက်ပြုတ်အိုး၊ မြေပန်းကန်လုံး၊ မြေခွက်တို့ဖြစ်ပြီး သပိတ်လုံးပုံသ္ဌာန်အိုး၊ ဆီမီးခွက်၊ ရေဖျဉ်းအိုး၊ ကွမ်းအစ်ပုံအိုးများဖြစ်သည်။ အချို့အိုးများသည် မီးမဖုတ်ခင် မြေနီရောင် တစ်ထပ် သုတ်လိမ်းလေ့ရှိသော သာဓကများကိုလည်း တွေ့ရသည်။ အဆင်တန်ဆာ အနေဖြင့် တံဆိပ်ရိုက်နှိပ်ထားသော အိုးခြမ်းကွဲများတွင် သီရိဝစ္ဆပုံ၊ ကာလသာအိုးပုံ၊ ငါးကြင်းနှစ်ကောင်ပုံ၊ လူပုံ၊ မြင်းပုံ၊ ငှက်ပုံ၊ ခရုသင်းပုံ စသည်တို့ကိုတွေ့ရှိရာ ဘာသာရေး အထိမ်းအမှတ်လက္ခဏာများနှင့် ဆက်စပ်လျက်ရှိသည်။ ပျူခေတ်အက္ခရာပါ အိုးခြမ်း ကွဲအချို့ကိုလည်း ဟန်လင်းမြို့ဟောင်းတူးဖော်မှုမှ တွေ့ရှိထားသည်။
ဟန်လင်းမြို့ဟောင်းမှ တွေ့ရှိရသော အိုးများ
ဟန်လင်းမြို့ဟောင်းမှ တွေ့ရှိရသော အိုးများအနက် နှုတ်ခမ်းပက်၍ အဝကျယ်ကာ အောက်ခြေသို့ ရှူးသွားသည့် ပြည်တောင်းသဏ္ဌာန်အိုးမှာ ထူးခြား လှသည်။ အိုးသားမှာလည်း ထူသည်။ အိုးပတ်ပတ်လည်တွင် ခေါင်းဖြီးသည့်ဘီးနှင့် အစင်းခြစ်၍ အလှဖော်ထားသည်။ ထိုကဲ့သို့အိုးမျိုးကို ကိုရီးယားနိုင်ငံ ကျောက် ခေတ် သစ်ဒေသဖြစ်သော တောင်ဆမ်ဒေါင်းဒေသနှင့် အမ်ဆဒေါင်းဒေသ များမှ တူးဖော် တွေ့ရှိရသော၊ အစင်းအရာပါသော အိုးများနှင့် ပုံသဏ္ဌာန်ချင်းတူညီနေ ကြောင်း တွေ့ရှိရပါသည်။ ထိုအစင်းအရာပါသောအိုးများမှာ ရေဒီယိုကာဗွန်နည်းဖြင့် သက်တမ်းတွက်ချက်မှုအရ နှစ်ပေါင်း ၂၀၀၀ ကျော်မှ ၅၀၀၀ ကျော်သက်တမ်းရှိကြောင်း လေ့လာသိရှိရပါသည်။
ရှေးဟောင်းလက်ရာအိုးများ
ရခိုင်ပြည်နယ်ရှိ ယဉ်ကျေးမှုဒေသများ ဖြစ်ကြသော ဓည၀တီ၊ ဝေသာလီ၊ မြောက်ဦးစသည့် ရှေးမြို့ဟောင်းများတွင် လည်းကောင်း၊ မွန်ပြည်နယ်ရှိ ယဉ်ကျေးမှု ဒေသများဖြစ်သော ကျိုက္ကသာ၊ ဝင်းက၊ အရက်သမစသည့် ရှေးမြို့ ဟောင်းများအား တူးဖော်ရာမှလည်းကောင်း အိုးခွက်များနှင့် အိုးခြမ်းကွဲများကို တွေ့ရှိခဲ့ရသည်။ အခြယ်အလှယ်ပါသော အိုးခြမ်းကွဲများတွင် တံဆိပ်ပုံနှိပ်များပါသည်ကို တွေ့ရှိရ သည်။ ပုဂံခေတ်အိုးလုပ်ငန်း၏ ထူးခြားမှုမှာလည်း အနီရောင်ဆေးသားတင်ထားသော မြေထည်များကို တွေ့ရှိရပြီး ရေမစိမ့်အောင်၊ ချောမွတ်တောက်ပြောင်အောင် ပွတ်တိုက်ခြင်းဖြင့် စီမံထားရာ အရည်အသွေးမြင့်မားသော အိုးလက်ရာများ အဖြစ် တွေ့မြင်ရပါသည်။ အစောပိုင်းပုဂံယဉ်ကျေးမှုနှင့် ဆက်စပ်နေသော ပုဂံနန်းတော်ရာ၊ လယ်ကိုင်းမြို့ဟောင်းနှင့် နွားထိန်းရွာ ပတ်ဝန်းကျင်တူးဖော်မှုများ၌ အနီရောင်တင် မြေထည်ပေါ်တွင် အဖြူရောင်ဆေးရေးအိုများကို တွေ့ရှိရသည်။ အနော်ရထာ နန်းတော်ရာနှင့် ကျန်စစ်သားနန်းတော်ရာတို့မှ မြေကျင်းခွေများ တွေ့ရှိရခြင်းမှာ လည်း ပုဂံခေတ်အိုး လုပ်ငန်း၏ ထူးခြားသော လက္ခဏာဟု ဆိုရမည်ဖြစ်သည်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စသည့် သမိုင်းမတင်မီ ခေတ်ကာလများမှ အစဉ်သဖြင့် ရှည်လျားတည်ရှိခဲ့သော မြန်မာ့အိုးလုပ်ငန်းသည် ပျူခေတ်မှသည် ကုန်းဘောင်ခေတ်များတိုင်အောင်ထိလည်းကောင်း၊ ယနေ့ခေတ်ကာလတိုင် အောင်အထိလည်းကောင်း ဆက်လက်လုပ်ဆောင်နေသော လုပ်ငန်းတစ်ရပ် လည်းဖြစ်သည်။ အထူးသဖြင့် ပျူယဉ်ကျေးမှု ထွန်းကားခဲ့ရာ မြန်မာနိုင်ငံအလယ်ပိုင်း မြေပြန့်လွင်ပြင်နှင့် မြစ်ဝှမ်းဒေသများ၊ အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် မြောက်ပိုင်း၊ တောင်ပိုင်း စသည့်ဒေသများတွင်လည်း ရိုးရာအစဉ်အလာအလိုက် အိုးလုပ်ငန်းများ လည်း တည်ရှိဆဲပင်ဖြစ်သည်။ ထို့အပြင် အိုးများတွင် ရိုက်ခတ်သော အမှတ်တံဆိပ် များသည်လည်း မတူကွဲပြားစွာရှိနေကြသည်။ သို့သော်လည်း ရှေးခေတ်ကာလ များမှ အိုးများကဲ့သို့ပုံများ၊ တံဆိပ်များမဟုတ်ဘဲ ပန်းခက်ပန်းနွယ်များ၊ ဂျီဩ မေတြီဆိုင်ရာ သင်္ကေတအမှတ်အသားများသာဖြစ်ကြသည်။ မည်သို့ပင်ဆိုစေ ကာမူ ရှေးခေတ်ကာလ မြေအိုးမြေခွက်များမှ တံဆိပ်အမှတ်အသား လက္ခဏာ များသည် ယင်းခေတ်ကာလမှ သုံးစွဲသောလူများ၏ ယဉ်ကျေးမှုတန်ဖိုးကို ဖော်ပြနေသော တန်ဖိုးမဖြတ်နိုင် သည့် သက်သေအထောက်အထား များပင် ဖြစ်သည့်အတွက် မြေအိုး မြေခွက်မှသည် အိုးခြမ်းပဲ့များဆီထိ မြန်မာနိုင်ငံ၏ သမိုင်းသက်သေများကို ဖော်ပြနေသည့်အတွက် ပြည်တွင်းမှ ယဉ်ကျေးမှုတန်ဖိုးသည် ပြည်ပသို့ မရောက်ရှိနိုင်စေရန် ထိန်းသိမ်းကာကွယ်ကြရမည်ဖြစ်ပါ တော့သည်။ မြန်မာ့အလင်း