ကျွန်မတို့ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ စီးပွားရေးဖွံ့ဖြိုးစေရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ အောင်မြင်မှုများစွာ ရရှိနေပြီဖြစ်ပါသည်။ ယနေ့ခေတ်ကာလသည် နှစ်စဉ် လူဦးရေတိုးတက်လျက်ရှိရာ ကမ္ဘာ့လူဦးရေနှင့်အညီ စားနပ်ရိက္ခာကို အချိုးညီ တိုးတက်ထုတ်လုပ်နိုင်ရန် နည်းပညာများ ရှာဖွေကြိုးပမ်း အားထုတ်နေကြသည့် ကာလတွင် ရေပေါ်လှောင်အိမ်ဖြင့် ငါးမွေးမြူသည့် စီမံကိန်းမှာလည်း ကျေးလက်ဒေသ စီးပွားရေးဖွံ့ဖြိုး မှုအတွက် အမှန်တကယ် အထောက်အကူဖြစ်စေမည့် နည်းပညာတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ရေပေါ် လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်း၏ အကျိုးကျေးဇူးများကို ဖော်ပြပေးပါမည်။

 

ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူခြင်းသည် သဘာဝရေအရင်းအမြစ်ကို တိုက်ရိုက် ထိရောက် အကျိုးရှိစွာ အသုံးပြုနိုင်ခြင်း၊ မြေသားကန်များ တူးဖော်ရန် မလိုအပ်၍ မြေပြင်အရင်းအမြစ်ကို အသုံးချမှု လျှော့ချနိုင်ခြင်းတို့အပြင် ငါးထည့်သွင်း မွေးမြူမှုနှုန်းကို တိုးမြင့်စေမည်ဖြစ်သည်။ ထို့ပြင် ငါးများ၏ ရှင်သန်နှုန်းနှင့် ကြီးထွားနှုန်းကို မြင့်မား စေသလို တစ်ယူနစ် ဧရိယာအတွင်း ငါးထွက်ကုန် ပမာဏ မြင့်မားစေခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ပြန်လည် ဖမ်းဆီးရာတွင် လွယ်ကူခြင်း စသည့် အကျိုးကျေးဇူးများသာမက ကျေးလက်ဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်းများလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။

 

ကနဦးစမ်းသပ်

 

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူခြင်းကို နေပြည်တော် လယ်ဝေးမြို့နယ်ရှိ ချောင်းမငယ်ဆည်၌ ကနဦး စမ်းသပ်လျက်ရှိသည်။ ချောင်းမငယ်ဆည်တွင် ရေပေါ်လှောင်အိမ် ငါးမွေးမြူနည်းစနစ် ဖော်ဆောင် ရာတွင် တီလားပီးယား ငါးမျိုးစိတ်ကို စမ်းသပ်မွေးမြူ ထားသည်။

 

ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အဆင်ပြေစေရေး၊ ငါးဈေးနှုန်းများ တည်ငြိမ်ကျဆင်းလာစေရေး၊ ဒေသတွင်း ငါးထုတ်လုပ်မှု တိုးတက်လာစေရေး၊ ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးတက်ရရှိစေရေး၊ ဈေးနှုန်းသက်သာပြီး အရသာကောင်းမွန်သည့်ငါးများကို ဒေသတွင်း၌ ပြည်သူလုထု လုံလုံလောက်လောက် စားသုံးနိုင်ရေး၊ ပုံမှန်မွေးနေကျ ငါးကန်တူးခြင်းထက် စရိတ်စက၊ ကုန်ကျစရိတ်များ သက်သာပြီး စရိတ်ကျဉ်းကျဉ်းဖြင့် မွေးမြူနိုင်ရေး ရည်ရွယ်စမ်းသပ်နေခြင်းဖြစ်သည်။

 

ချောင်းမငယ် ရေပေါ်လှောင်အိမ် ငါးမွေးမြူရေး လုပ်ငန်းတွင် လှောင်အိမ်ငါးခုရှိသည်။ ရေလှောင်တမံ အတွင်း အလျား x အနံ ၁၂ ပေ၊ အနက် ၈ ပေ ရှိသည့် အလတ်စား စီးပွားဖြစ် မွေးမြူနိုင်သည့် လှောင်အိမ် လေးလုံး တည်ဆောက်ထားရှိပြီး တစ်လုံးလျှင် တီလားပီးယားငါးသားပေါက် ကောင်ရေ ၁၀၀၀ နှုန်း ဖြင့် မွေးမြူထားသည်။ အခြားတစ်ကန်ကို တောင်သူ ပညာပေးအနေဖြင့် မွေးမြူထားသည်။

 

အချိန်ကာလအားဖြင့် (၅-၆)လ အကြာတွင် မည်မျှအကျိုးအမြတ်ရှိမည်ကိုသိရန် တီလားပီးယားငါးကို ရေပေါ်အစာကျွေးပြီး စမ်းသပ်မွေးမြူနေသည်။ ဒေသခံပြည်သူများကိုလည်း အသိပညာပေးရင်း၊ နည်းစနစ်ပြသရင်း စမ်းသပ်မွေးမြူ ဆောင်ရွက်နေ ခြင်းဖြစ်သည်ဟု သိရသည်။

 

လှောင်အိမ်တည်ဆောက်မှု

 

ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရာတွင် လှောင်အိမ်တည်ဆောက်မှုက အဓိကကျသည်။ ချောင်းမငယ် ရေလှောင်တမံ၌ လှောင်အိမ်အကြီးလေးခုကို ပလတ်စတစ်တိုင်ကီပုံးအပြာဖြင့် ပြုလုပ်ထားသည်။ သို့သော်လည်း ဒေသခံများ တစ်ပိုင်တစ်နိုင် လုပ်နိုင်စေရန် ၁၀ ပိဿာဝင် ပလတ်စတစ်ဆီပုံး အဝါလေးများနှင့် ဒေသထွက် ဝါး၊ မျောများ ဖြင့်လည်း တစ်ကန် ပြုလုပ်ထားသဖြင့် ကုန်ကျစရိတ် သက်သာပြီး ပိုက်ဖိုးသာ ကုန်ကျစရိတ်ရှိကြောင်း၊ ဒေသခံများအနေဖြင့် စီးပွားဖြစ်ရော၊ တစ်ပိုင်တစ်နိုင် ရော မွေးမြူနိုင်ကြောင်း လက်တွေ့ သရုပ်ပြထားပြီးဖြစ်သည်။

 

မွေးမြူသည့်ကာလ

 

လှောင်အိမ်စနစ်ဖြင့် မွေးမြူပြီး ငါးစာကျွေးခြင်း ကို တစ်ရက်လျှင် (၄-၆) ကြိမ် အထိ ငါးအရွယ်အစားနှင့် အလေးချိန်အပေါ် မူတည်ပြီး ကျွေးနိုင်သည်။ မွေးမြူချိန်ကာလအနေဖြင့် ဈေးကွက်ဝင်အရွယ် ရောက်ရှိရန် (၅-၆) လအထိ မွေးမြူရမည်ဖြစ်သည်။

 

ချောင်းမငယ် ရေပေါ်လှောင်အိမ် ငါးမွေးမြူရေးတွင် နှစ်လက်မ၊ သုံးလက်မအရွယ် တီလားပီးယားငါးများကို စတင် စမ်းသပ်မွေးမြူလျက်ရှိပြီး မွေးမြူချိန် (၅-၆) လအကြာတွင် ဈေးကွက်သို့ တင်ပို့နိုင်ကာ တစ်နှစ်လျှင် နှစ်ကြိမ် မွေးမြူနိုင်သောကြောင့် ငါးမွေးသူများ အချိန်တိုအတွင်း ဝင်ငွေရရှိစေမည်ဖြစ်သည်။

 

တီလားပီးယားငါးမျိုးစိတ်ကို စမ်းသပ်မွေးမြူပြီး နောက်ရရှိလာသော ရလဒ်အပေါ် အခြေခံ၍ ပြည်ပဈေးကွက်ဝင် ကကတစ်ငါးကိုလည်း ဆက်လက် မွေးမြူမည်ဖြစ်ကြောင်း၊ ချောင်းမငယ် ရေလှောင်တမံ၌ ရေပေါ်လှောင်အိမ်စနစ်ဖြင့် မွေးမြူနေမှုအပြင် အထက်ပေါင်းလောင်းဆည်၌လည်း ဆက်လက် မွေးမြူမည်ဖြစ်ကြောင်း သိရသည်။

 

 

mdn

 

 

လှောင်အိမ်ထားရှိရန် နေရာရွေးချယ်ခြင်း

 

ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရာတွင် လှောင်အိမ်ထားရှိရန် နေရာရွေးချယ်ခြင်းကလည်း အရေးပါလှသည်။

ရေပေါ်လှောင်အိမ်ထားရှိရန် နေရာရွေးချယ်ရာတွင်-

 

၁။ မွေးမြူမည့် ငါးမျိုးစိတ်၏ လိုအပ်ချက်နှင့်ကိုက်ညီသော ရေအရည်အသွေး(ရေအပူချိန်၊ ပျော်ဝင် အောက်ဆီဂျင်၊ ရေချဉ်ဖန်နှုန်း စသည်များ။) (မွေးမြူစဉ်ကာလအတွင်း ပြောင်းလဲလာမည့် ရေအရည်အသွေး)ကို ထည့်သွင်းစဉ်းစားရပါ မည်။

 

၂။ ရေအနက်သည် နှစ်မီတာကျော် ဖြစ်ရပါမည်။ လှောင်အိမ်အောက်ခြေသည် ရေပြင်အောက်ခြေ နှင့် အနည်းဆုံး တစ်မီတာ ဝေးကွာရမည်ဖြစ် သည်။ ရေပြင်ကျယ်ပြီး ရေအရည်အသွေးကောင်း ၍ ရေနက်သောနေရာများဖြစ်သည့် သဘာဝ ရေကန်များ၊ မြစ်များနှင့် ရေလှောင်တမံများ၌ မွေးမြူနိုင်သည်။

၃။ လှောင်အိမ်ကို လေကွယ်ပြီး ရေစီးနှုန်းနှေးသော နေရာ၊ ရေနက်သောနေရာများတွင် ထားရှိရပါမည်။ ရေစီးနှုန်း တစ်စက္ကန့်လျှင် ၀ ဒသမ ၁ မီတာမှ ၀ ဒသမ ၂ မီတာရှိသောရေပြင် ဖြစ်ရပါမည်။

 

၄။ ရေပြင်အောက်ခြေ၌ ရေပေါက်ပင်များနှင့် ကာလကြာရှည် ပြဿနာများဖြစ်နိုင်သည့်နေရာ မဖြစ်ရပါ။ ရေပြင်အောက်ခြေသည် ရေနောက်ကျိ ခြင်းမှကာကွယ်နိုင်ရန် ရွှံ့စေးမြေအောက်ခြေ ကြမ်းပြင် ဖြစ်ရပါမည်။

 

၅။ လှောင်အိမ်များတပ်ဆင်ထားရှိမည့်နေရာသည် ရေကြောင်းသွားလာမှု အဓိကလုပ်ဆောင်နေသော နေရာများကို ပိတ်ဆို့ခြင်း မဖြစ်ရပါ။ ပုံမှန် စီမံခန့်ခွဲမှုပြုလုပ်ရန် လွယ်ကူအဆင်ပြေသော နေရာ ဖြစ်ရပါမည်။

 

၆။ လှောင်အိမ်များထားရှိမည့် ရေပြင်နေရာသည် မျက်နှာပြင်၌ အညစ်အကြေးများဖြင့် အဆီဝေ့နေသောရေပြင် မဖြစ်ရပါ။ သဘာဝငါးရိုင်း များ အလွန်များပြားသောနေရာ မဖြစ်ရပါ။ အောက်ဆီဂျင်လျော့နည်းသောနေရာ မဖြစ်ရပါ။ မွေးမြူကာလအတောအတွင်း ရေမျက်နှာပြင်၏ အနိမ့်အမြင့် အတက်အကျသည် ၀ ဒသမ ၇ မီတာမှ တစ်မီတာအထိ မဖြစ်စေရပါ။

 

အကျိုးရလဒ်များ

 

ရေပေါ်လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်း၏ အကျိုး ရလဒ်များမှာ သဘာဝရေကန်၊ ဆည်၊ မြေကန်၊ စမ်းချောင်းနှင့် မြစ်များအပါအဝင် ရေအရင်းအမြစ်အမျိုးမျိုးတွင် မွေးမြူနိုင်ပြီး တည်ရှိဆဲရေပြင် အရင်းအမြစ်ကို အသုံးပြု၍ လှောင်အိမ်တည်ဆောက် မွေးမြူနိုင်သဖြင့် အရင်းအနှီးကုန်ကျစရိတ် နည်းပါးသည်။ ငါးများကို ပြန်လည်ဖမ်းဆီးခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ နမူနာဖမ်းယူစစ်ဆေးခြင်းနှင့် ဖမ်းဆီးကိုင်တွယ်မှု လုပ်ဆောင်ရန် ပိုမိုကောင်းမွန်သည်။

 

ငါးထည့်သွင်းမွေးမြူသည့် အရေအတွက်ကို ထိန်းချုပ်ကိုင်တွယ်ရန် ပိုမိုကောင်းမွန်ခြင်း၊ မွေးမြူထားသော ငါးများနှင့် ယှဉ်ပြိုင်အစာလုမည့် အခြားသော ငါးနှင့် ရေသတ္တဝါများ၊ အသားစားငါးများ အန္တရာယ်မှ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ခြင်း၊ ငါးအစာကို ထိရောက်စွာ အသုံးချနိုင်ခြင်း၊ သေဆုံးနှုန်း လျော့ကျစေနိုင်ခြင်း၊ တစ်ယူနစ်ဧရိယာအတွင်း ငါးထည့်သွင်းမွေးမြူနှုန်း မြင့်မားစွာ ထည့်သွင်းမွေးမြူ နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများကို ချက်ချင်း (သို့မဟုတ်) အမြန် ပြန်လည်ရရှိစေခြင်း၊ လုပ်သားအင်အား လိုအပ်ချက် နည်းပါးခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။

 

ကျေးလက်ဒေသများမှ ငါးမွေးမြူရေးလုပ်ကိုင် နေသူများအနေဖြင့် ရေချိုဒေသ၌ သဘာဝရေအရင်း အမြစ်ကို တိုက်ရိုက် ထိရောက်အကျိုးရှိစွာ အသုံးချ၍ ရေပေါ်လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို သိရှိ အသုံးချနိုင်စေရန် ရေးသားလိုက်ရပါသည်။ ။