ရန်ကုန် ၊ ၁၁ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီးပြီးလျင် ရန်ကုန်တိုင်းဒေသကြီးမှာ ငါးမွေးမြူမှု အများဆုံးဖြစ်ရာ မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ငါးမွေးကန်များထိ ပျံ့နှံ့လာသော အသားစားကြူးသည့် စုပ်ခွက်ငါးများ အန္တရာယ်ကို အချိန်မီကာကွယ်မှုနှင့်အတူ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
စုပ်ခွက်ငါးများမှာ ပြည်ပမှအလှမွေးငါးအဖြစ် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ်မတိုင်မီ ဝင်ရောက်ခဲ့ရာ တိုးပွားနှုန်းမြန်ပြီး အစုံစား ငါးမျိုးစိတ်ဖြစ်သောကြောင့် ရေသတ္တဝါတို့၏ ဂေဟစနစ်ကို ပျက်စီးစေသည့်အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးတောင်သူတို့ကို နှစ်စဉ် အသိပညာပေးလျက်ရှိသည်။
တိုင်းရင်းငါးမျိုးစိတ်များကို ပျက်စီးစေနိုင်သော စုပ်ခွက်ငါးများကို ၂၀၀၉-၂၀၁၀ ခုနှစ်၌ ဧရာဝတီမြစ်အတွင်း ရေလုပ်သားများ စတင်ဖမ်းမိရာ မြေွပွေးငါးခူအဖြစ် အမည်တပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း မအူပင်၊ တွံတေး၊ ပန်းတနော် ငါးမွေးကန်များတွင် စတင်တွေ့ရှိရသောကြောင့် ငါးကန်အောက်ခြေ ဂေဟစနစ်ကို ပျက်စီးခြင်း၊ မွေးမြူရေးငါးအစာများကို ဖဲ့ယူစားသုံးမှုကြောင့် ငါးထွက်နှုန်း ကျဆင်းခြင်းနှင့် ကန်ဘောင်များ ပျက်ဆီးခြင်းကို ရင်ဆိုင်ခဲ့ရသော်လည်း အနည်းငယ်သာ သတိပြုခဲ့ကြကြောင်း၊ ရေငန်ဒေသတွင်မရှိဘဲ ရေချိုတွင် ရှင်သန်ပေါက်ပွားသော ငါးမျိုးစိတ်ဖြစ်ရာ ရည်ရှည်တွင် ရေချိုငါးမွေးမြူရေးနှင့် မြစ်၊ ချောင်းများအတွင်းရှိ ဒေသမျိုးရင်းများကို ပျက်စီးစေနိုင်သောကြောင့် ရေချိုငါးမွေးမြူရေးလုပ်ငန်းကို ထိခိုက်မှု မရှိစေရန် ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။
“၂၀၁၇-ခုနှစ်ကစပြီး စုပ်ခွက်ငါးနဲ့ပတ်သက်ပြီး သတိပေးစာတွေ ထုတ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ စုပ်ခွက်ငါးကို ဘုရားကန်တွေမှာအများဆုံး တွေ့ရတယ်။ ဘေးမဲ့လွှတ်တာကြောင့်ပါ။ ဘေးမဲ့ကန်တွေဆယ်ရင် ငါးလုပ်ငန်းဦးစီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က လမ်းညွှန်ထားတာကြောင့် ကန်ကိုရေစုတ်ထုတ်ပြီး လွှတ်လို့ရတဲ့ငါးတွေကို ကန်တော်ကြီး၊ အင်းလျားကန်မှာ လွှတ်တယ်။ စုပ်ခွက်ငါးကိုတော့ မြေမြှုပ်ပြီး ဖျက်ဆီးပစ်တယ်။ အလှမွေးငါးထဲမှာ သူနဲ့ ပီးကော့ငါး၊ ငါးရံ့ဘီလူးစတဲ့ သားစားငါးမျိုးတွက ငါးတွေကို စားသုံးတဲ့အတွက်မွေးမြူရေး လုပ်ငန်းကို ထိခိုက်စေပါတယ်။ ဒီလိုငါးမျိုး မရှိသင့်ပါဘူး။ အလှမွေးသူတွေက အကြောင်းအမျိုးမျိုးကြောင့် မမွေးတော့ရင် သဘာဝကန်တွေကို သွားလွှတ်ကြတဲ့အတွက် များလာတာလည်း ပါတယ်။ ကျွန်မတို့လုပ်ဆောင်နေတဲ့ အသိပညာပေးမှုကို ပိုပြီးလုပ်ဆောင်ရမှာပါ။ စုပ်ခွက်ငါးကို ငါးမွေးကန်နဲ့သဘာဝမြစ်၊ ချောင်းအတွင်း မထည့်ဖို့ပိုစတာတွေနဲ့ အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ရှိပါတယ်။ ပြည်သူသိအောင် ရုပ်မြင်သံကြား၊ ရေဒီယိုကနေ ပညာပေးဖို့လည်း လိုပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာယဉ်ယဉ်မိုး က ပြောသည်။
စုပ်ခွက်ငါးများကို အလှမွေးရာမှ ပေါက်ပွားနှုန်း မြန်သောကြောင့် ဘေးမဲ့ကန်၊ ဘုရားကန်များနှင့်မြစ်၊ ချောင်း၊ အင်း၊ အိုင်တွင် လွှတ်ရာမှ မျိုးပွားခဲ့ခြင်းဖြစ်ပြီး မျိုးပွားနှုန်းမြန်ဆန်၍ မြေကြီးတွင်စုပ်ခွက်ဖြင့် ကပ်နေသောကြောင့် ဖမ်းဆီးရန်ခက်ခဲတတ်ရာ ကန်ဘောင်နှင့်ကန်အောက်ခြေတွင် အပေါက်များ ဖြစ်ပေါ်စေသည်။ အကောင်းကြီးလာပါက အခြားငါးမျိုးစိတ်များကို စားသုံးတတ်သည်။ မာကြောသော ဆူးတောင်တို့ကြောင့် ငါးဖမ်းပိုက်များ ပျက်စီးတတ်သဖြင့် နိုင်ငံခြား ဝင်ငွေရရှိနေသော ငါးမွေးမြူရေး လုပ်ငန်းကို တစ်ချိန်တွင် ထိခိုက်နိုင်၍ ငါးလုပ်ငန်းဦးစီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက သတိပြုဆောင်ရွက်လျက်ရှိသည်။
“တစ်ချိန်က ဒေသမျိုးရင်းတွေဖြစ်တဲ့ ငါးကျည်း၊ ငါးခူ၊ ငါးရံ့၊ ငါးပြေမဆိုရင် သဘာဝမရှိတော့ဘူး၊ မွေးငါးပဲရှိတော့တယ်။ ဒါဟာဒေသမျိုးရင်းတွေ သဘာဝမြစ်၊ ချောင်းမှာ ပျောက်ကွယ်သွားတဲ့သဘောပဲ။ ဒီလိုဒေသမျိုးရင်း လျော့နည်းလာချိန်မှာ မွေးမြူရေးကဏ္ဍအတွက် အန္တရာယ်ရှိတဲ့ စုပ်ခွက်ငါးတွေကို မမွေးဖို့ ထိန်းချုပ်ရမှာပေါ့။ ငါးမွေးတောင်သူတွေအနေနဲ့ စုပ်ခွက်ငါးအန္တရာယ်ကို သိကြတယ်။ ကြုံလည်းကြုံခဲ့ဘူးတယ်။ ရေသွင်း/ရေထုတ်ကအစ စုပ်ခွက် ငါးမျိုးဉတွေပါလာမှာစိုးလို့ သတိထားရတာ။ အထူးသဖြင့် ပြည်သူတွေများများ သတိပြုမိဖို့လိုပါတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်း ဒုတိယဉက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
ငါးမွေးမြူရေးလုပ်ငန်း၊ ရေသတ္တဝါတို့၏ ဂေဟစနစ် ပျက်ဆီးမှုမရှိစေရန်နှင့် တိုင်းရင်းငါးများ ပျက်ဆီးစေမည့် စုပ်ခွက်ငါးအန္တရာယ်အား ငါးမွေးတောင်သူများနှင့် အများပြည်သူ ပိုမိုသိရှိိနိုင်ရန် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက်၊ ဓာတ်ပုံ-သန်းစိုး


