ရန်ကုန် ၁၀  သြဂုတ် 


တိုင်းနှင့်ပြည်နယ်အချို့တွင် ရေကြီးမှုဖြစ်စဉ်များကြောင့် လမ်းပိုင်းငယ်များ ပျက်စီးမှုများရှိသဖြင့် အဝေးပြေးကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်းများ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း နာယက ဦးကိုကိုနိုင်က ပြောကြားသည်။


“အဝေးပြေးလမ်းတွေအပေါ် ရေကြီးတာတွေ မဖြစ်သေးတော့ အခုချိန်အထိ ကုန်စည်စီးဆင်းမှု လမ်းကြောင်းက မနှစ်ကလို ပြတ်တောက်တာတွေ မရှိသေးဘူး။ ဒါပေမယ့် မြို့အဝင်တို့ ရွာအဖြတ်တို့ လမ်းပိုင်းတွေမှာ လမ်းပျက်တာတွေ ရေနည်းနည်းကျော်တာတွေကြောင့် သွားမရတာတော့ ရှိတယ်။ ကုန်စည်စီးဆင်းမှုမှာတော့ လုံးဝပြတ်တောက်သွားတာမဟုတ်ဘူး။ နည်းနည်းနှောင့်နှေးသွားတာပါ။ အချိန်စောင့်ပြီး သွားလာနေကြရတယ်”ဟု နာယက ဦးကိုကိုနိုင်က ပြောသည်။


ရန်ကုန်မြို့မှ မြန်မာနိုင်ငံ အနှံ့အပြားသို့ ပို့ဆောင်ပေးလျက်ရှိသော အဝေးပြေးကုန်တင်ယာဉ်များသည် အရောင်းအဝယ်အေးစက်ခြင်း၊ ကုန်စည်စီးဆင်းမှု နှေးကွေးခြင်းတို့ကြောင့် ကုန်ရရှိမှုနည်းပါးလျက်ရှိပြီး ဘုရင့်နောင်ကုန်စည်ပွဲရုံမှ ကုန်တင်ယာဉ်ထွက်ရှိမှု နည်းပါးလျက်ရှိကြောင်း သိရသည်။


လက်ရှိရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသော်လည်း အဝေးပြေးကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ် ရေကျော်မှုနည်းပါးခြင်းကြောင့် ကုန်စည်လမ်းကြောင်း ပြတ်တောက်မှုမရှိကြောင်း သိရသည်။ 


သြဂုတ်လ ၅ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ကရင်ပြည်နယ် ဂျိုင်းမြစ်ရေမြင့်တက်ခဲ့ပြီး ဂျိုင်း -ကော့ကရိတ် (pontoon bridge) ချဉ်းကပ်တံတားပိုင်းများ ရေကျော်သဖြင့် နာရီအနည်းငယ်ကြာ ယာယီပိတ်ခဲ့ရကြောင်း သိရသည်။ 


ရေကြီးမှုများကြောင့် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတွင်လည်း လတ်တလော ထိခိုက်ခံစားနေရပြီး ကရင်ပြည်နယ်တွင် လူဦးရေ ၃,၃၀ဝ ကျော်နှင့် ပဲခူးတိုင်းတွင် ၃,၇၀ဝ ကျော် အိုးအိမ်များ စွန့်ခွာခဲ့ရကြောင်း သိရသည်။


အထူးသဖြင့် ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် ဆက်လက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သိရသည်။


သူရိန်