ကျောက်ဆည်၊ အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီး သီးနှံစိုက်ဧကများ အစားထိုးစိုက်ပျိုးနိုင်ရေး မတ်ပဲ၊ ပဲတီစိမ်းနှင့် ချည်မျှင်ရှည်ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က စပါး၊ ဆီထွက်သီးနှံနှင့် ချည်မျှင်ရှည်ဝါသီးနှံများ စိုက်ဧကတိုးချဲ့နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ မျိုးစေ့များနှင့် သွင်းအားစုများ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် သီးနှံအထွက်နှုန်းတိုးပွားရေး ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ကျောက်ဆည်မြို့နယ်အတွင်း အဓိက ပန်းတိုင်သီးနှံ(၁၀)မျိုး စိုက်ပျိုးထားပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ဆည်မြို့နယ်တွင် ကျေးရွာအုပ်စု (၅၉)အုပ်စု၌ စိုက်ပျိုးခဲ့သည့် မိုးသီးနှံ(၂၄၀၄၁)ဧက ထိခိုက်ခဲ့၍ (၁၆၃၈၄)ဧက ပျက်စီးခဲ့ကြောင်း၊ ပျက်စီးဧကများအား ပြန်လည်စိုက်ပျိုးနိုင်ရန် မြန်မာနိုင်ငံပဲမျိုးစုံ၊ မြေပဲ၊ နှမ်းကုန်သည်ကြီးများအသင်းမှ ကုမ္ပဏီများက ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ဧကများ ပြန်လည်စိုက်ပျိုးနိုင်ရေး မန္တလေးတိုင်းဒေသကြီး အစိုရအဖွဲ့နှင့်ပူးပေါင်း၍ မတ်ပဲ၊ ပဲတီစိမ်းမျိုးစေ့များနှင့် ဝါသီးနှံများအတွက် ရွက်ဖျန်းမြေဩဇာနှင့် ပိုးသတ်ဆေးများကို တစ်ဧကအထွက်နှုန်းတိုးရန်၊ ဝင်ငွေအကျိုးအမြတ်များရရှိစေရန် သက်ဆိုင်ရာဌာနဆိုင်များနှင့် ပူးပေါင်း၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး တောင်သူများအနေဖြင့် စားနပ်ရိက္ခာဖူလုံရေး နည်းပညာများကို တိကျစွာလိုက်နာ၍ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော သီးနှံစိုက်ဧကများ အစားထိုးစိုက်ပျိုးနိုင်ရေး မတ်ပဲ၊ ပဲတီစိမ်းမျိုးစေ့များနှင့် ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစုများကို မကျီးတောကျေးရွာ၊ ကြောင်ပန်းကုန်းကျေးရွာနှင့် ရဲဘော်ကြီး ကျေးရွာများမှ တောင်သူများအား အခမဲ့ပေးအပ်ခဲ့ရာ ရဲဘော်ကြီးကျေးရွာမှ တောင်သူ ဦးညွှန့်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)


