ကျိုက်မရော ၁၆ စက်တင်ဘာ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်း သြဂုတ်လ ၉ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး အတ္တရံမြစ်ရေ မြင့်တက်မှုကြောင့် လူနေအိမ်များနှင့် အခြေခံပညာ စာသင်ကျောင်းပေါင်း(၇၂)ကျောင်း ရေနစ်မြှုပ်ခဲ့သဖြင့် ယာယီပိတ်ထားခဲ့ရသည်။
ယခုအခါ အဆိုပါ စာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ် သင်ကြားလျှက်ရှိပြီးဖြစ်ရာ အဆိုပါ ကျောင်းများအနက် ရေနစ်မြုပ်မှုဒဏ် အဆိုးရွားဆုံး ခံခဲ့ရသည့် စာသင်ကျောင်းပေါင်း (၄၈)ကျောင်းကို မွန်ပြည်နယ်အစိုးရမှ စာသင်ခုံများစာရေးခုံများ၊ White board များ၊ ကော်ဇောများနှင့် ရွှံ့နွံဆေးကြောစရိတ် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရွှေဟင်္သာ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ရေနစ်မြုပ် စာသင်ကျောင်းများအတွက် စာရေးခုံများ ထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးငွေဝင်းက ရေနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်းများ၏ အခြေအနေကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းအုပ်ဆရာမကြီးများမှ မိမိတို့ကျောင်းများ၏ စာရေးခုံများ ပျက်စီးမှု စာရင်းနှင့် အခြားလိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ဖြေကြား ရှင်းလင်းခဲ့သည်။ ထို့နောက် စာသင်ကျောင်းများအတွက် စာရေးခုံများနှင့် ထောက်ပံ့ရေး ပစ္စည်းများကို သက်ဆိုင်ရာ ကျောင်းအုပ်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


