ဘားအံ စက်တင်ဘာ ၂၅
ကရင်ပြည်နယ်အတွင်း နှစ်ကြိမ်တိုင်တိုင် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးနှင့် မိုးသီးနှံများ အချိန်မီ ပြန်လည်ထွန်ယက် စိုက်ပျိုးနိုင်ရေး မျိုးစပါး၊ သွင်းအားစု၊ နည်းပညာနှင့် စက်ယန္တရားများ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး တိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့၏ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး ပြည်နယ်၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေး တိုးတက်မြင့်မားရေး ကြီးကြပ်မှုအဖွဲ့များအားလုံး တွန်းအားပေးဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေး တိုးတက်မြင့်မားရေး ကြီးကြပ်မှုအဖွဲ့ဝင်များက ယခင်အပတ် (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြကာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေကြီးရေလျှံမှုကြောင့် သီးနှံများထိခိုက်ပျက်စီးမှု၊ ပြန်လည်အစားထိုး စိုက်ပျိုးနေမှုနှင့် ဆက်လက်စိုက်ပျိုးမည့်အစီအစဉ်၊ မျိုးစေ့နှင့် မြေဩဇာလိုအပ်မှု အခြေအနေများကို ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ရေကြီးနစ်မြုပ်မှုအခြေအနေ၊ မိုးစပါးနှင့် မိုးသီးနှံထိခိုက်ပျက်စီးမှု၊ ပြန်လည်စိုက်ပျိုးရန် လျာထားချက်နှင့် စက်သုံးဆီ၊ သွင်းအားစုများလိုအပ်ချက်၊ စက်ယန္တရားများ စုစည်းထားရှိမှု၊ ပြန်လည်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြပ်မတ်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ကရင်ပြည်နယ်၌ ဩဂုတ်လအတွင်း(ပထမအကြိမ်)ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးပြီး မိုးသီးနှံများ ရေကြီးနစ်မြုပ်ခဲ့ရာ မျိုးစပါး၊ မြေဩဇာ၊ ဆေးဖြန်းပုံးများကို ဖြန့်ဝေထောက်ပံ့ပေးခဲ့ပြီး စက်တင်ဘာလ (ဒုတိယအကြိမ်) ရေကြီး ရေလျှံမှုတွင် မိုးစပါး ၃၅၃၉၁ ဧကခန့်ရေကြီးနစ်မြုပ်ခဲ့ကာ ၃၁၂၉၆ ဧက ထိခိုက်၍ ၁၄၄၅၀ ဧကခန့်ပျက်စီးခဲ့ကြောင်း၊ ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ရက်(၉၀)မျိုးစပါး တင်း ၂၀၀၀ ခန့်အား ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်တို့ကို အဓိကထား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အရည်အသွေးမြင့်မားသည့် သွင်းအားစုများကို အချိန်ကိုက်အချိုးညီ ထည့်သွင်းနိုင်ရေးနှင့် တောင်သူစိတ်ဓာတ် မြင့်တင်ရေးအပိုင်းကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချိန်မီ ပြန်လည်ထွန်ယက် စိုက်ပျိုးနိုင်ရေး နည်းပညာနှင့် စက်ယန္တရားများ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဌာနရှိ ယန္တရားများအပြင် အစုအဖွဲ့များ၊ တောင်သူများရှိ ယန္တရားများကိုပါ စုဖွဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


