လှိုင်းဘွဲ  ၂၄   စက်တင်ဘာ 

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၌ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ငါးမွေးကန်များအတွက် ငါးသားပေါက်များ ထောက်ပံ့ခြင်းနှင့် ရေဘုတ်ဆည်ရေလှောင်တမံအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းကို ယနေ့နံနက်(၈)နာရီက ကျေးလက်ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံပြီး ငါးစားသုံးမှု ပိုမိုတိုးမြှင့်လာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေးနှင့် ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်တံ့စွာရှိနေစေရေးအတွက် ရည်ရွယ်၍ ငါးသားပေါက် အကောင်ရေ ခြောက်သိန်းငါးသောင်းနှစ်ထောင့်တစ်ရာအား စိုက်ထည့်ပေးခဲ့သည်။

 

၇

 

ရှေးဦးစွာ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာ စကားပြောကြားပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီးဦးစောမြင့်ဦးက ငါးသားပေါက်များ ပေးအပ်ခြင်းနှင့် ငါးမျိုးစိုက်ထည့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ကျေးရွာအုပ်စု(၁၇)စု တောင်သူ(၃၃)ဦးအား ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံး ခဲ့သော ငါးမွေးကန်များအတွက် ငါးသားပေါက်များကို တာဝန်ရှိသူများက ငါးမွေးမြူရေးလုပ်ငန်းရှင် များထံသို့ ငါးသားပေါက်များ ပေးအပ်ခဲ့ပြီး ရေဘုတ်ဆည်ရေလှောင်တမံအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြသည်။ 

 

ငါးမျိုးစိုက်ထည့်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လှိုင်းဘွဲမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရာက်ခဲ့ပြီး ငါးသားပေါက်ကောင်ရေ ခြောက်သိန်းငါးသောင်း နှစ်ထောင့်တစ်ရာတို့ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)