နေပြည်တော်    အောက်တိုဘာ   ၆

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာနှင့် ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာရှိ မိုးသီးနှံများ ရေကြီးနစ်မြုပ်မှုကြောင့် မိုးသီးနှံများ ထိခိုက်ပျက်စီးခဲ့သည့် ဒေသခံ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်ပျက်စီးခဲ့ သည့် သီးနှံများပြန်လည်စိုက်ပျိုးရန် အရင်းမပျောက် မတည်ငွေဖြင့် မိုးစပါးသီးနှံထိခိုက်မှုရှိခဲ့သည့် စိုက်ခင်းများအတွက် တစ်ဧက ငွေကျပ်တစ်သိန်းနှုန်းဖြင့် အတိုးမဲ့ချေးပေးရန် လျာထားပါကြောင်း၊ မိုးစပါးပြန်လည် စိုက်ပျိုးနိုင်ခြင်းမရှိသော ဧရိယာများတွင် တောင်သူများ တွက်ခြေကိုက်သော အခြားသီးနှံများ အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် မျိုးလိုအပ်ချက်၊ ထွန်ယက်‌ရေး၊ သွင်းအားစုများနှင့် ချေးငွေလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့်ပူး‌ပေါင်း၍ စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သော လယ်ယာမြေများတွင် နုန်းများဖုံးခြင်းကြောင့် မြေဆီလွှာတွင်း လေနှင့်ရေအချိုးကို မျှတစေနိုင်ပြီး အပင်၏ကြီးထွားမှု အာဟာရဓါတ်စုတ်ယူမှုကို အား‌ပေးစေနိုင်သည်ကို လေ့လာတွေ့ရှိရ ကြောင်း၊ လယ်ယာမြေသီးနှံ အကြွင်းအကျန်များကို အသုံးပြုပြီး Biochar (မီးသွေး)ထုတ်၍ မိမိတို့ လယ်ယာမြေထဲထည့်ခြင်းဖြင့် မြေဆီလွှာကျန်းမာရေးကို ကောင်းမွန်စေရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ရပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနက ထုတ်လုပ်သည့် သီးနှံ မျိုးစေ့များ ပေးအပ်သည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများက တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် ဘဲကုန်း ကျေးရွာမှ တောင်သူ(၇၀)နှင့် ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာမှ တောင်သူ(၅၀) ကျော်တက်ရောက်ခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)