ကော့ကရိတ် စက်တင်ဘာ ၁၀

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခံရ၍ ပျက်စီးသွားသော မိုးစပါးစိုက်တောင်သူများအား စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲခန့်က မြပတိုင်ကျေးရွာ နည်းပညာပြန့်ပွား ရေးစင်တာ၌ မျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်တို့က မြပတိုင်၊ နန်းကော့တေး၊ နောင်ထပ္ပံကျေးရွာများမှ ရေကြီးနစ်မြုပ်ခံ မိုးစပါးစိုက်တောင်သူများအား မျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် တောင်သူကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာ ပြည်နယ်ဝန်ကြီးချုပ် က တက်ရောက်လာသော တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စိုက်ရေးပျိုးရေးဆိုင်ရာများ မေးမြန်းဆွေးနွေးပြီး မြပတိုင်နည်းပညာပြန့်ပွားရေးစင်တာတွင် သရုပ်ပြစိုက်ပျိုးထားသည့် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် ပျိုးပင်များအား တောင်သူများထံ ဖြန့်ဝေပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် နဘူးအောင်သိဒ္ဓိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိလာသ အား သွားရောက်ဖူးမြော်ကြည်ညို၍ ဒေသဖွံဖြိုးရေးနှင့် သာသနာတော်ဆိုင်ရာများအား လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် ကော့ကရိတ်မြို့နယ် မိုးလုံလေလုံအားကစားရုံ (ပေ ၁၂၀ X ပေ ၉၀) Steel Structure အမျိုးအစား အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ယူဆောက်လုပ်သည့် HTUT α  Family Company Limited မှ တာဝန်ရှိသူနှင့် ကော့ကရိတ်ခရိုင် အားကစားမှူး ဦးခင်မောင်ထွန်းတို့က အဆောက်အအုံ ၇၅ ရာခိုင်နှုန်းပြီးစီးနှင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားသည်။

ထို့နောက် ကော့ကရိတ်မြို့နယ်အတွင်း လုံခြုံရေးတာဝန်များထမ်းဆောင်နေကြသော တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့အား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ပြီး ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက် ပန်းခြံလမ်း၌ (၇၃ ပေ X ၁၅၁ ပေ)ရှိ Steel Structure အမျိုးအစား ဒေါနခန်းမ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့် ကောင်းမြတ်အောင်ကျော်ကုမ္ပဏီမှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)