ဘားအံ  ၂၁  ဇန်နဝါရီ 


ကရင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလထိ ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ဘေးဒဏ်ခံစားခဲ့ကြရသည့် ပြည်သူလူထုများ၏ လူမှုစီးပွားဘဝထိခိုက်မှုဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း အစီရင်ခံစာ မိတ်ဆက်တင်ပြသည့် အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ̏ယခင်နှစ်ကဲ့သို့ ရေကြီးရေလျှံမှုမျိုးကို တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ခဲ့ရဖူးခြင်း မရှိသေးကြောင်း၊ အချိန်ကာလကြာမြင့်စွာ ရေကြီးရေလျှံမှုဖြစ်ပွားခြင်းလည်း မရှိခဲ့ကြောင်း၊ ထိုကာလများအတွင်း ရေဘေးသင့်ပြည်သူများစွာကို ရေဘေးစခန်းများတွင် ကြပ်တည်းစွာထားရသည့်အတွက် ကူးစက်ရောဂါများ ဖြစ်ပွားလာမည်ကို စိုးရိမ်ရကြောင်း၊ ရေကြီးစဉ်ကာလအတွင်း စိုက်ပျိုးသီးနှံများ ၆၀ ရာခိုင်နှုန်းခန့်စိုက်ပျိုးထားပြီး ဖြစ်သည့်အတွက် ပျက်စီးဆုံးရှုံးမှုများရှိ၍ ဆန်စပါး အခက်အခဲရှိနိုင်သည်ဟု စိုးရိမ်စိတ်များဖြစ်မိပါကြောင်း၊ ပြည်ထောင်စု အစိုးရ၏ကူညီထောက်ပံ့မှု၊ လူထု၏စိတ်ဝင်စားမှုနှင့် ကူညီထောက်ပံ့မှု၊ နိုင်ငံနှင့်အဝန်း အချိန်နှင့်တစ်ပြေးညီ ကူညီထောက်ပံ့မှုများ ရရှိခဲ့သည့်အတွက် အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ကြောင်း၊ ထိုအထဲတွင်မှ လူငယ်များ၏ ကူညီဆောင်ရွက်ပေးမှုများကို မြင်တွေ့ရသည့်အတွက် အားရကျေးနပ်မိပါကြောင်း၊ အနာဂတ်အတွက်ကောင်းသော လက္ခဏာ ပင်ဖြစ်ပါကြောင်း၊ လူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်ဆောင်ရွက်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင် ပါကြောင်း˝ အဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက် ဗမာတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက လူမှုဖွံ့ဖြိုးရေး၊ လူမှုကူညီရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အမြင်သဘောထားများအား ပြောကြားကာ လူငယ်ရေးရာကော်မတီအတွင်းရေးမှူး နန်းထက်ထက်လင်းစိုးက  လူမှုစီးပွားဘဝထိခိုက်မှု အချက်အလက်များဆိုင်ရာ အစီရင်ခံစာအား ပြည်နယ်အစိုးရအဖွဲ့သို့ ပေးအပ်သည်။

 

mdn


အဆိုပါအစီရင်ခံစားတွင် ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အတွင်း သံလွင်မြစ် နှင့် ဂျိုင်းမြစ်ကမ်းနဘေးရှိ ကျေးရွာစုစုပေါင်း ၁၉၁ ရွာ၌ ၂၀၁၈ ခုနှစ် စံချိန်တင်ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် လူမှုစီးပွားဘဝထိခိုက်မှုဆိုင်ရာ အချက်အလက်များကို လူငယ်များက ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ လူငယ်အဖွဲ့အစည်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ကြီးမှူး၍ ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့သည့် အစီရင်ခံစားဖြစ်ကြောင်း၊ ကျေးရွာရေကြီးနစ်မြှုပ် ဆုံးရှုံးမှုအခြေအနေ၊ ရေဘေးဒဏ်တုန့်ပြန်ဆောင်ရွက်မှု၊ ရေကြီးစဉ်နှင့်ရေကြီးပြီးသည့် ကာလစာနပ်ရိက္ခာဖူလုံမှု၊ ရပ်ရွာများ၏ကျန်းမာရေး အခြေအနေများ၊ အခြေခံပညာရေး အခြေအနေ၊ လူမှုရေး အခြေအနေ၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအခြေအနေများ၊ ရပ်ရွာဖွံ့ဖြိုးမှုအခြေအနေများ စသည့်အချက်အလက်များ ပါဝင်သည့် အစီရင်ခံစားတစ်စောင် ဖြစ်ကြောင်း၊ ထိုအချက်အလက်များကို ကိုးကားရည်ညွှန်း အသုံးပြုခြင်းအားဖြင့် နောင်အနာဂတ်တွင် ကြုံတွေ့ရနိုင်သည့် ရေကြီးရေလျှံမှုဘေးဒဏ်များကို ကြိုတင်ပြင်ဆင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)