စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးအပေါ် အဓိကအားထားနေရသည့် မိမိတို့နိုင်ငံအဖို့ ရာသီဥတုပြောင်းလဲမှုအပေါ်တွင် မျက်ခြည်မပြတ် သတိပြုနေရန် လိုအပ်သည်။ ရာသီအလိုက် သီးနှံများ စိုက်ကြရာတွင် ပြောင်းလဲလာသည့် ရာသီဥတု၏ ဒဏ်ကို ခံနိုင်ရည်ရှိသည့် သီးနှံပုံစံများ၊ သီးနှံမျိုးများ စသည် ဖြင့် လိုက်ပါပြောင်းလဲရန် လိုသကဲ့သို့ စိုက်နည်းစနစ်များကို လည်း လိုအပ်သလို လိုက်ပါပြောင်းလဲနိုင်ကြရမည်ဖြစ်သည်။ ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်း၏ မရှိမဖြစ်သော ရေကို အလေအလွင့်အနည်းဆုံးနှင့် အထိရောက်ဆုံး သုံးစွဲနိုင်ရန် အလေ့အကျင့်ပြုကြရမည်ဖြစ်သည်။
“ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးခဲ့သည့်အတွက် ယခင်နှစ် ကာလတူထက် မိုးရေချိန်နည်းပါးသောကြောင့် အချို့သော ဆည်များအတွင်းသို့ ရေဝင်ရောက်မှုများ လျော့နည်းကြောင်း၊ ထို့ကြောင့် ဆည်ရေများကို စိုက်ပျိုးရေးလုပ်ငန်းများ၌ သုံးစွဲရာတွင် ထိထိရောက်ရောက်ဖြင့် စနစ်တကျ သုံးစွဲကြရန်လိုကြောင်း၊ ရေကို အဟောသိကံသုံးစွဲခြင်းများ မပြုလုပ်ဘဲ ရေကို ချွေတာသုံးစွဲကြရန်လိုကြောင်း၊ လာမည့် နွေရာသီ၌ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီး စသည့်မြေလတ်ဒေသများတွင် ရေရှားပါးမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့် ရေရရှိရေးအတွက် တာဝန် ရှိသူများက ကြိုတင်စဉ်းစားပြီး စီမံဆောင်ရွက်ထားကြရန် လိုကြောင်း” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂) အမှာစကားပြောကြားရာ၍ ထည့်သွင်း ပြောကြားခဲ့သည်။
မိမိတို့နိုင်ငံတွင် သောက်သုံးရေနှင့် လုပ်ငန်းသုံးရေတို့ထက် စိုက်ပျိုးရေးအတွက်သုံးစွဲသည့် ရေက ၁၀ ဆခန့် ပိုမို များပြားသည်။ စိုက်ပျိုးရေးကဏ္ဍတွင် ရေသုံးစွဲမှုက များပြားသလောက် ရေလေလွင့်မှုနှင့် အဟောသိကံ ဆုံးရှုံးမှုကလည်း လွန်စွာများပြားသည်။ လက်ရှိရေရယူသုံးစွဲနေမှုပုံစံမှာ သုံးစွဲမှုထက် လေလွင့်ဆုံးရှုံးမှု ပိုမိုများပြားနေသည့် ပုံစံဖြစ်ရာ တောင်သူများကို စိုက်ပျိုးရေအထိရောက်ဆုံး သုံးစွဲနိုင်ရေးနှင့် လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် အသိပညာနှင့် နည်းပညာများဖြန့်ဝေပေးနိုင်ရန် လိုအပ်သည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ပညာရှင်အများအပြားမှာ အစ္စရေးနိုင်ငံတွင် သွားရောက်ပညာဆည်းပူးခဲ့ကြသူများရှိရာ အစ္စရေးနိုင်ငံ၏ ရေစီမံခန့်ခွဲမှုပုံစံနှင့် စိုက်ပျိုးရေ အလေအလွင့်အနည်းဆုံးနှင့် အထိရောက်ဆုံး အသုံးချနိုင်သည့် နည်းပညာတို့ကို မိမိတို့ နိုင်ငံနှင့် ကိုက်ညီသည့်ပုံစံများအဖြစ် ပြောင်းလဲအသုံးပြုနိုင် ရန် တောင်သူများအား ပညာပေးမည်ဆိုပါက များစွာအကျိုး ဖြစ်ထွန်းနိုင်မည်ဟု ယုံကြည်မိသည်။
အဖိုးတန်သယံဇာတများဖြစ်သည့် ရေအရင်းအမြစ်များ၊ မပျက်စီး၊ မဆုံးရှုံးအောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရေသုံးစွဲ ရာတွင် လေလွင့်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် အလေးထား ဆောင်ရွက်ရေး၊ စွန့်ပစ်ရေများကို ပြန်လည်သန့်စင်၍ စိုက်ပျိုး ရေအဖြစ်သုံးစွဲရေး စသည်တို့အပါအဝင် နည်းလမ်းများဖြင့် ရေကိုတန်ဖိုးထား၍ ချွေတာသုံးစွဲကာ ရာသီဥတုပြောင်းလဲ မှုနှင့် သောက်သုံးရေ၊ စိုက်ပျိုးရေရှားပါးမှုတို့ ဖြစ်ပေါ်လာသည့် အပေါ်တွင် စီမံခန့်ခွဲမှု နည်းလမ်းကောင်းများဖြင့် ရင်ဆိုင် ကျော်လွှားကြရမည်ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း