ရွှေကျင် ၁၂ အောက်တိုဘာ 

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ရွှေကျင်မြို့တွင် နှစ်စဉ်ကျင်းပသော သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၁၃၈၁ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်  (၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၄ ရက်) နံနက် ၉ နာရီတွင် ရေပွဲအခမ်းအနား စတင်ဖွင့်လှစ်ကာ (၁၆၈)နှစ်မြောက် သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော်ကို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသီတင်းကျွတ် မီးမျှောပူဇော်ပွဲတွင် ပွဲတော်လာပြည်သူများအား နံနက် (၉)နာရီခွဲမှစတင်ကာ တက်ခုတ် တက်ပျံယိမ်းအဖွဲ့များ၊ တိုင်းရင်းသား ရိုးရာယိမ်းအဖွဲ့များမှ ဂါရဝပြု ဖျော်ဖြေကြမည်ဖြစ်ပြီး  ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက နံနက် (၁၀)နာရီမှစတင်ကာ အကဲဖြတ်မဏ္ဍပ်ရှေ့တွင် ယှဉ်ပြိုင်ခြင်း၊ ဗဟိုမဏ္ဍပ်ရှေ့တွင် ဖျော်ဖြေတင်ဆက်ပေးခြင်းနှင့်အတူ ညနေ(၄)နာရီတွင် ဆုရရှိသောယိမ်းများအား ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ညနေ (၆)နာရီတွင် ရှင်ဥပဂုတ္တမထေရ်မြတ်အား ရွှေကျင်ချောင်းအတွင်း လှည့်လည်အပူဇော်ခံမည်ဖြစ်ပြီး ည (၇)နာရီတွင် ရောင်စုံမီးကြာခွက်များဖြင့် ပွဲတော်လာပြည်သူများက မီးမျှောပူဇော်ခြင်းများ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။

တင်မိုးညွန့် (မြို့နယ် ပြန်/ဆက်)