ရွှေကျင် ၁၈ သြဂုတ်
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ရေဘေးသင့်ပြည်သူများသို့ စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ အာဆီယံအပေါင်း(၃)အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ်(၃)၏ အလိုအလျောက်ခလုတ်ဆွဲစနစ်အရ ကိုးရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန်(၁၀)တန်အား လှူဒါန်းပွဲကို မြို့နယ်စည်ပင်ခန်းမတွင် သြဂုတ် ၁၈ ရက်နံနက် ၁၁ နာရီက ကျင်းပသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားပေးပြီး စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အာဆီယံအပေါင်း(၃)အရေးပေါ် အရန်ဆန်ရိက္ခာ ထောက်ပံ့လှူဒါန်းခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပေးသည်။ ဆက်လက်ပြီး APTERR အစီအစဉ်အရလှူဒါန်းသောဆန်များအား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ဝန်ကြီးဦးအောင်ဇော်နိုင်ထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက်ဝန်ကြီး ဦးအောင်ဇော်နိုင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုတို့မှ ရေဘေးသင့်ပြည်သူများအား ဆန်အိတ်(၂၅၀)ကို ပြန်လည်ပေးအပ်လှူဒါန်းပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ရေဘေးသင့်ပြည်သူများ၏ကိုယ်စား ညောင်ဝိုင်းရပ်ကွက်မှ ဦးမြင့်ခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)


