ရွှေကျင် ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ဇွန် ၂၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဖြိုးမင်းဟန်တို့က အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မီးသတ်တပ်ဖွဲ့များထံ ပျိုးပင်များ ပေးအပ်ပြီး တက်ရောက် လာကြသူများက စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။

ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်၍ ဒေသအပူချိန် လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ကျွန်းပျိုးပင် ၇၀၀ နှင့် မန်ဂျန်ရှားပျိုးပင် ၇၀၀ စုစုပေါင်းပျိုးပင် ၁၄၀၀ ကို အင်အား ၄၀၀ က စိုက်ပျိုးခဲ့ကြသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)