ရွှေကျင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ရွှေကျင် မေ ၂၀

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက ချေးငွေများကို လယ်ယာ လုပ်ငန်းတွင် အကျိုးရှိစွာအသုံးပြုရန် အလေးထားမှာကြားခဲ့ပြီး ရွှေကျင်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဒေါ်ရီရီဝင်းမှ ချေးငွေစည်းကမ်း သတ်မှတ်ချက်နှင့် ချေးငွေမူစနစ်များအား ရှင်းလင်းပြောကြားခဲ့သည်။

   

ထို့နောက် ခြေတော်ရာကျေးရွာအုပ်စုမှ တောင်သူ(၆၈)ဦး၏ လယ်ဧကပေါင်း (၄၁၀)ဧကအတွက် တစ်ဧကလျှင် တစ်သိန်း ငါးသောင်းကျပ်နှုန်းဖြင့် ချေးငွေပေါင်း ကျပ်သိန်း(၆၁၅၀၀၀၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအေးချမ်းအောင်၊ အဖွဲ့ဝင် ဦးကျော်တိုးနှင့် တာဝန်ရှိသူများက တောင်သူတစ်ဦးချင်းစီ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)