ရွှေကျင်  ၃  သြဂုတ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ရေနှင့် ရွှေကျင်ချောင်းရေသည် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်လာသဖြင့် မြစ်ကမ်းနံဘေး အနိမ့်ပိုင်းဖြစ်သည့်  ဆုံကုန်းသောင်လယ် ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်ရှိ ညောင်ဝိုင်းတို့မှ အိမ်ထောင်စု (၂၈)စု၊ လူဦးရေ (၁၄၀)ကျော်တို့ကို ရေလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အရေးပေါ် ရွှေ့ပြောင်းမှုနှင့်အတူ စာသင်ကျောင်း သုံးကျောင်းကို ခေတ္တပိတ်ခဲ့ရပြီး ရေဘေးသင့် ပြည်သူများအတွက် တပ်မတော်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ မြစ်ရေ ထပ်မံတက်လာပါက ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ လိုအပ်သည့်ပံ့ပိုးမှုများကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်မိုးညွန့်