ရွှေကျင် ၁၀  စက်တင်ဘာ 


ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ရေဘေးသင့်ပြည်သူများသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ အာဆီယံအပေါင်း (၃) အရေးပေါ်အရန်ဆန်ရိက္ခာ အစီအစဉ် (၃) ၏ အလိုအလျောက်ခလုတ်ဆွဲစနစ်အရ ကိုးရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဒုတိယအကြိမ် ဆန်တန်ချိန် (၉၇.၉၂) တန်လှူဒါန်းပွဲကို မြို့နယ်စည်ပင်ခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ကျင်းပသည်။


အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးဆွေမှ အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) APTERR မှ ကောင်စီဝင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုမှ အာဆီယံအပေါင်း (၃) အရေးပေါ်အရန်ဆန်ရိက္ခာနှင့်ပတ်သတ်၍ လည်းကောင်း၊ APTERR မှ အတွင်းရေးမှူးရုံး အကြီးအကဲ Mr Champithiya က ရေဘေးသင့်ပြည်သူများသို့ လှူဒါန်းရခြင်းအကြောင်းများကို လည်းကောင်း ပြောကြားကြသည်။


ထို့နောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို APTERR မှ အတွင်းရေးမှူးရုံး အကြီးအကဲ Mr Champithiya တို့က ရေဘေးသင့်ပြည်သူများအား ဆန်တန်ချိန် (၃၇.၉၂) တန်အား လှူဒါန်းပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ရေဘေးသင့်ပြည်သူများ၏ကိုယ်စား ရွှေကျင်မြို့နယ် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဇော်(ပြန်/ဆက်)