ရွှေကျင်  ၈  ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့(၉)မှတာဝန်ယူတည်ဆောက်နေသော‌ ရွှေကျင်ချောင်းကူး တံတားအား မိုးတွင်းအချိန်တွင် ပြည်သူများသွားလာမှုအဆင်ပြေစေရန်အတွက် ယာယီဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

ရွှေကျင်ချောင်းကူးတံတား  ယာယီဖွင့်လှစ်ပေးပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးမြင့်ထွန်းနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ဌာန‌ဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

 

တံတားအရှည်မှာပေ (၁၆၈၀) ၊အကျယ်ပေ (၃၀) နှင့် ယာဉ်သွားလမ်းအကျယ် (၂၄)ပေ နှစ်လမ်းသွားဖြစ်ပြီး လူသွားလမ်းအကျယ်မှာ တစ်ဖက်လျှင်(၃)ပေစီအကျယ်ရှိသည်။ တံတားအမျိုးအစားမှာသံကူကွန်ကရစ်၊ဘိုးပိုင်၊အုပ်မြစ်ဖြစ်ပြီး ကိုယ်ထည်မှာ RC ကွန်ကရစ် PR တိုင်ကမ်းကပ်ခုံဖြစ်သည်။အပေါ်ထည်မှာပေ(၆၀)သံကူကွန်ကရစ်ယက်မ(၈)ခန်း၊ ပေ(၁၀၀)PC ယက်မ(၁၂)ခန်းနှင့် သံကူကွန်ကရစ်ကြမ်းခင်း၊ သံကူကွန်ကရစ်လက်ရန်းတို့ဖြစ်သည်။

တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း၏ တန်(၆၀)ဖြစ်ပြီး ကုန်ကျငွေတန်ဖိုးမှာ ငွေကျပ်သန်း (၆၄၀၀)ဖြစ်ကြောင်း သိရသည်။ အဆိုပါတံတားကို ပြည်ထောင်စုအစိုးရအဖွဲ့၏(၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တံတားဦးစီးဌာနတည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၉)၊ ပဲခူးမြို့မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးမှ ဦးစီးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

ထွန်းထွန်းဇော်(ပြန်/ဆက်)