ရွှေကျင် ၁၁ မေ 

 

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ မဘီးကျေးရွာအုပ်စု ဘုရားကြီးကျေးရွာရှိ သမိုင်းဝင်ကျောက်မှော် ဘုရားကြီး၏ စိန်ဖူးတော်နှင့် အရံစေတီတစ်ဆူ၏ စိန်ဖူးတော်များ လေပြင်းတိုက်ခတ်မှုကြောင့် မြေခခဲ့ရကြောင်း သိရသည်။

 

မေ ၁၀ ရက် ညနေ ၆ နာရီမှစ၍ လေပြင်းများတိုက်ခတ်ခဲ့ပြီး မေလ ၁၁ ရက် နံနက် ၉ နာရီတွင် ဘုရားဂေါပကအဖွဲ့မှ ဥက္ကဋ္ဌ ဦးအုန်းမြင့်ဦးဆောင်၍ သန့်ရှင်းရေးဆောင်ရွက်ရာတွင် ဘုရားကြီး၏ တောင်ဘက်ထောင့်ရှိ အရံစေတီ (၁) ဆူ၏စိန်ဖူးတော်မှာ‌ မြေခနေသည်ကို တွေ့ရှိရသည်။  ယင်းနောက် ကျောက်မှော် ဘုရားကြီးအား ဆက်လက်စစ်ဆေးကြည့်ကြရာ ဘုရားကြီး၏ စိန်ဖူးတော်ကိုလည်း မတွေ့ရသဖြင့် ဂေါပကအဖွဲ့မှ ဆက်လက်ရှာဖွေခဲ့ကြသည်။ ယင်းသို့ရှာဖွေခဲ့ရာ နံနက် (၁၀) နာရီခန့်တွင် ဘုရားကြီး၏ အလယ်ပဉ္စယံတွင် စိန်ဖူးတော်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

 

အဆိုပါဘုရားကြီး၏ စိန်ဖူးတော်နှင့် အရံစေတီ(၁)ဆူ၏ စိန်ဖူးတော်များ မြေခနေမှုကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် မြို့နယ်သံဃနာယကအဖွဲ့များက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထွန်းထွန်းဇော်(ပြန်/ဆက်)