ရေကြည် ၁၈ မေ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့ မြို့မရပ်ကွက် ကြိမ်ချောင်းပိုင်းတွင် ယမန်နေ့ ည ၈ နာရီခွဲက နေအိမ်(၂)လုံးမီးလောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒေါ်မြကြည် (၇၅)နှစ် သည် နေအိမ်မီးဖိုချောင်ထဲ၌ ထင်းမီးဖြင့်ရေနွေးအိုးတည်ထားခဲ့ပြီး အိမ်နီးချင်း ဒေါ်သန်းနု၏နေအိမ်သို့ သွားရောက်နေစဉ် မီးဖိုချောင်မှတစ်ဆင့်နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းသွားခြင်း ဖြစ်သည်။
မီးလောင်မှုကြောင့် အိမ်နီးချင်း ဦးသာဂိ(၇၄)နှစ်၏ နေအိမ် တစ်လုံးမီးလောင်ခဲ့ပြီး အဆိုပါမီးလောင်ရာသို့ ရေကြည်မြို့နယ်မီးသတ် ဦးစီးဌာနရုံးမှဦးစီးအရာရှိဦးစိုးနိုင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်သူ/သားများက မီးသတ် (၂)စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ၉ နာရီတွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် ဒေါ်မြကြည်အား ရေကြည်မြို့မရဲစခန်းက ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)