ရေကြည် ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကွင်းလျှားကျေးရွာအုပ်စုတွင် ကြိုးတံတားတစ်စင်း ယနေ့နံနက် ၆ နာရီအချိန်ခန့်က တောင်ရေကျမှုကြောင့် ချောင်းကမ်းပါးများပြိုကျကာ ရေနောက်ပါသွားမှာစိုးရိမ်နေရကြောင်းဒေသခံများက ပြောသည်။
တောင်ရေကျလာတာက ကွင်းချောင်း ချောင်းမကြီး ကုလားချောင်းကနေ တစ်ဆက်တည်းရှိသည့် ဆားတော်ချောင်းအတွင်းသို့ တောင်ရေကျလာကာ ရေစီးဒဏ်ကြောင့် ချောင်းကမ်းပါးများပြိုကျပြီး တံတားတိုင်းအုပ်မြစ်များပေါ်ခြင်း တံတားနွဲ့လာကာ ယိမ်းယိုင်ခြင်း တံတားအနီးရှိ နေအိမ်ခြံမြေများ ချောင်းကမ်းပါးပြိုကျမှုကြောင့် နေအိမ်များပါ အခက်အခဲရှိနိုင်ကြောင်း ဒေသခံ ဦးစိန်သောင်းနှင့်ဦးလှိုင်ဝင်းထွန်းတို့က ပြောသည်။
ကြိုးတံတား၏အရှည်ပေမှာ ပေ ၁၈၀ ထိပ်အကျယ် ၆ ပေခွဲ တံတားပေါ်တွင် သံပြား ၂၇ ချပ် ခင်းထားပြီး ဒေသခံပြည်သူတွေ၏ အဓိက ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးသွင်းကုန် ထုတ်ကုန် ခေါင်းရွက်ဖြတ်ထိုးဈေးသယ်များ အားလုံးနှင့် ပြည်သူတွေအတွက် အကျိုးပြုနေသည့် ကြိုးတံတားတစင်းဖြစ်ပြီး ကြိုးတံတားကို ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားသဘာဝဘေး အန္တရာယ်ကာကွယ်ရေးအဖွဲ့ မစ္စတာ တိုနီဦးဆောင်သည့်အဖွဲ့မှဆောင်ရွက်လှူဒါန်းပြီး ပင်ပင်းကုမ္ပဏီမှတည်ဆောက်ခဲ့ကြောင်းသိရသည်။
ကြိုးတံတားရရှိရေးအတွက် ကွင်းလျှားကျေးရွာအုပ်စု ဆားတော်ကျေးရွာနေ ဦးစိန်သောင်းမှတာဝန်ရှိသူများထံချိတ်ဆက်ကာဆက်သွယ်ခဲ့ပြီး ကြိုးတံတားဖြစ်မြောက်ရေးအတွက် ကျေးရွာနေပြည်သူများက အလှူငွေများပါဝင်လှူဒါန်းခဲ့ကြောင်း ဦးစိန်သောင်းထံမှ သတင်းသိရှိရသည်။
တောင်ရေကျမှုကြောင့် ကြိုးတံတား၏ ဟိုဘက်ဒီဘက်ခြေရင်းနှင့်ဘေးတို့တွင် ချောင်းကမ်းပါးပြိုကျမှုက အလျား ၃၅ ပေ အကျယ် ပေ ၃၀ ခန့် ပြိုကျကြောင်းသိရသည်။
ဆန်းတင့် (ရေကြည်)


