ရေကြည် ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကုန်းပြင်ကျေးရွာအုပ်စု ကုန်းပြင်နယ်မြေရဲစခန်းတွင် ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီခွဲက လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာ (၃)ခန်းတွဲနှင့် (၄)ခန်းတွဲ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“မီးလောင်မှုဖြစ်ပွားတာ ဟုတ်တယ်။ သွပ်မိုးထရံကာ ပျဉ်ခင်း(၃)ခန်းတွဲ တပ်ဖွဲ့ပိုင် လူမနေအခန်းကနေ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။ (၃)ခန်းတွဲ ပျဉ်ခင်းထရံကာ သွပ်မိုး(၁)လုံး မိသားစုသုံးစုနေနှင့် (၄)ခန်းတွဲ သွပ်မိုးထရံကာ ပျဉ်ခင်း ရဲတပ်ဖွဲ့ပိုင်(၁)လုံး မိသားစု(၃)စုနေတို့အား ထပ်မံကူးစက် လောင်ကျွမ်းခဲ့ပါတယ်” ဟု တာဝန်ရှိသူက ပြောသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားနေရာသို့ ကုန်းပြင်နယ်မြေ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ ကုန်းပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူကျေးရွာသားများ၊ ကုန်းပြင်နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေကြည်မြို့နယ် မီးသတ်စခန်းမှ ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကား (၄)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီတွင် မီးထိန်းနိုင်၍ ည ၈ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် (၃)ခန်းတွဲ သွပ်မိုးထရံကာ ပျဉ်ခင်း တပ်ဖွဲ့ပိုင် (၂)လုံးနှင့် (၄)ခန်းတွဲ သွပ်မိုးထရံကာ ပျဉ်ခင်း တပ်ဖွဲ့ပိုင်(၁)လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ဆန်းတင့် (ရေကြည်)