ရေကြည် ၂ ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း
ချုပ် တားဆီးရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးအတွင်း ဈေးရောင်းချနေသူများနှင့် ဈေးဝယ်ပြည်သူများကို ယနေ့နံနက်(၇)နာရီက ပြန်လည်လျှော်ဖွပ် အသုံးပြုနိုင်သော အဝတ်နှာခေါင်းစည်းများ ချုပ်လုပ်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ လှူဒါန်းခြင်းကို  “ ယခုဝယ် ယခုတပ် ” အစီအစဉ်ဖြင့် ဒဏ်ငွေဆောင်စေခြင်းဖြင့် ရရှိလာသော ရန်ပုံငွေများကို အသုံးပြု၍ ပြန်လည်လျှော်ဖွပ် အသုံးပြုနိုင်သော အဝတ်နှာခေါင်းစည်းများ ချုပ်လုပ်ကာ ယခုကဲ့သို့ အခမဲ့ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နှာခေါင်းစည်းများ ဖြန့်ဝေရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များက နှာခေါင်းစည်းအခု(၇၀၀)ကို ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

ယခုအခါ မော်တော်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲခြင်း၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါ လက္ခဏာများတွေရှိ လာနိုင်ခြေရှိသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ပေါ့ဆစွာနေထိုင်ခြင်းမပြုကြရန်နှင့် မိမိနေအိမ်မှ ပြင်ပထွက်ခွာသွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာနိုင်ရန်အတွက် ယခုလိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။



အောင်သူဟန် ( ပြန်/ဆက် )