ရေကြည် ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းပင်စင်စားများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပင်စင်စား အဘိုးအဘွားများအား တစ်ဦးနှင့်တစ်ဦး (၃)ပေအကွာ နေရာသတ်မှတ်ပေးပြီး ပင်စင်ထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၇ နာရီမှ စတင်၍ စနစ်တကျ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေကြည်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားဦးရေ ၂၅၀ဝ ကျော်ရှိသည့်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားထားသည့်အတိုင်း လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ယခုလ ၂၁၊၂၂၊၂၃ ရက်နေ့များတွင် ကတ်ဖြင့်ထုတ်ယူသော မြို့ပြပင်စင်စားများ၊ ယခုလ ၂၄ ရက်နေ့တွင် ပုံမှန်စာ အုပ်ဖြင့် ထုတ်ယူသော ပင်စင်စားများနှင့် ကတ်ဖြင့်ထုတ်ယူသောနိုင်ငံရေးပင်စင်စားများ၊ ယခု လ ၂၇၊၂၈ ရက်နေ့များတွင် ကဒ်ဖြင့်ထုတ်ယူသော ကာကွယ်ရေးပင်စင်စားများနှင့် အဆိုပါ ရက်များတွင် ပင်စင်လစာငွေ ထုတ်ယူခြင်း မပြုလိုပါက ဧပြီ ၂၉ ရက်မှ မေလ ၃၀ ရက်နေ့အထိ ဘဏ်ဖွင့်သည့် ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ထို့ပြင် ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားဘိုးဘွားများကိုလည်း မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ နှာခေါင်းစည်းများတပ်ဆင်ရန်နှင့် လက်ကိုစင်အောင် ဆေးရန် တိုက်တွန်းနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)


