ရေကြည်  စက်တက်ဘာ ၆

ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ငါးသယံဇာတများ တိုးပွားပြီး ငါးရိက္ခာဖူလုံစေရန် ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငဝန်မြစ်အတွင်း(ဒုတိယအကြိမ်) ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို စက်တင်ဘာ ၅ ရက်က ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ သောင်ရွာကူးတို့ဆိပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။   

အဆိုပါ အခမ်းအနားသို့ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကံညွန့်၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမျိုးမြင့်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရေကြည်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးဦးမျိုးလွင်နှင့်ဝန်ထမ်းများ၊ ပုသိမ်ငါးလုပ်ငန်း စခန်းတာဝန်ခံဦးမျိုးနိုင်ဦးနှင့် စခန်းဝန်ထမ်းများ ရေလုပ်သားများ တက်ရောက်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲတွင် ပုသိမ်ငါးလုပ်ငန်းစခန်းမှ(၂)လက်မအောက်ခံအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ(၁)သိန်း၊ ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ(၁)သိန်း၊ စုစုပေါင်းကောင်ရေ (၂)သိန်း ငါးမျိုးစိုက်ထည့်ခဲ့သည်။ ရေကြည်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သဘာဝရေပြင်ငဝန်မြစ်အတွင်း စုစုပေါင်းငါးသားပေါက်ကောင်ရေ(၅)သိန်း မျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ် (ရေကြည်)