ရေကြည် ၉ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ခိုတောင်ကျေးရွာအုပ်စု ငှက်သိုက်ကျေးရွာအနီး ပုသိမ်-မုံရွာ ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေကြည်မြို့ဘက်မှ ငါးသိုင်းချောင်းဘက်သို့ ယာဉ်မောင်း မြင့်မြတ်ကိုကို မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဦဇော်ကြီးနှင့် ဦးမျိုးမင်းသူတို့နှစ်ဦး လိုက်ပါစီးနင်းလာသည့် BGO- 2L/---- အပြာရောင် (၆) ဘီးကုန်တင်ယာဉ်မှာ ပုသိမ်-မုံရွာ ကားလမ်းတိုင်အမှတ် ၂၂/၅ နှင့် ၂၂/၆ အကြား ရွှေငဝန်ဆီဆိုင်ရှေ့အရောက်တွင် ငါးသိုင်းချောင်းမြို့ဘက်မှ ရေကြည်မြို့ဘက်သို့ ယာဘက်ကားလမ်းအတိုင်း ယာဉ်မောင်း ဦးဌေးနောင် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဦးဆန်းဝင်းကြည်နှင့် ဦးကျော်မင်းတို့ လိုက်ပါစီးနင်းလာသည့် YGN 41/----- အဖြူရောင် (၆) ဘီး ကျောက်တင်ယာဉ်၏ ဦးခေါင်းရှေ့ဝဲဘက်ခြမ်းအား ပွတ်ချိတ်မိခြင်းဖြစ်သည်။
ဖြစ်စဉ်ကြောင့် ယာဉ်မောင်း ဦးဌေးနောင်၊ ဦးဆန်းဝင်းကြည်နှင် ယာဉ်မောင်းမြင့်မြတ်ကိုကိုတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပြီး ရေကြည်ဆေးရုံတွင်ဆေးကုသမှု ခံယူလျက်ရှိသည်။

အဆိုပါ ယာဉ်တိုက်မှုနှင်ပတ်သက်၍ မောင်းနှင်သူ မြင့်မြတ်ကိုကိုအား ရေကြည်မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။
အောင်သူဟန် (ပြန်/ဆက်)