ရေကြည် ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် မိဿလင်ကျေးရွာအုပ်စု ရေနံ့သာ-ဂွ ကားလမ်း မိုင်တိုင်အမှတ် ၁၈/၆ နှင့် ၁၈/၇ ကြားတွင် ဇူလိုင် ၈ ရက် နံနက်ပိုင်းက အုတ်များ တင်ဆောင်လာသော ဖောကားတစ်စီး မှောက်ပြီး ယာဉ်ပေါ်ပါလာသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက် နံနက်ပိုင်းက ဒုရဲအုပ် မျိုးသဇင်လှိုင်သည် ရေကြည်မြို့နယ် မိဿလင် အုပ်စု ရေနံ့သာ-ဂွကားလမ်း မိုင်တိုင်အမှတ် ၁၈/၆ တွင် ယာဉ်တိမ်းမှောက်ကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ရေကြည်မြို့ဘက်မှ ဂွမြို့ဘက်သို့ အုတ်များတင်ဆောင်လာသော ယာဉ်မောင်း ရဲလွင် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် မိုးလွင်ဦး၊ သက်ပိုင်၊ နေရဲလင်းဇော်တို့ လိုက်ပါစီးနင်းလာသည့် ယာဉ်အမှတ် 4Y/---- CNJ အမျိုးအစား ဖောကားမှာ ၁၈/၆ နှင့် ၁၈/၇ ကြား ကုန်းဆင်း အရောက်တွင် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်ပေါ်ပါလာသူ ရေကြည်မြို့နယ် စလင်းကုန်းကျေးရွာနေ နေရဲလင်းဇော်မှာ အခင်းဖြစ်နေရာတွင် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားပြီး သက်ပိုင်မှာ ဒဏ်ရာများ ရရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ရဲလွင်အား ရေကြည်မြို့နယ် ကုန်းပြင်နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ဆန်းတင့်(ရေကြည်)