ရေကြည် မေ ၃

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ မိဿလင်ကျေးရွာအုပ်စု တောင်ပေါ်(၂၁)မိုင် ပန်းကုန်လမ်းခွဲ တောင်တက်လမ်းတွင် မေ ၂ ရက် ညနေ ၄ နာရီက ခြောက်ဘီးယာဉ်တစ်စီး တောင်တက်လမ်းတွင် တက်နိုင်ခြင်းမရှိဘဲ နောက်ပြန်လိမ့်ကျ တိမ်းမှောက်ကာ  အမျိုးသမီးတစ်ဦးသေဆုံးပြီး လိုက်ပါစီးနင်းလာသူ (၈)ဦး ဒဏ်ရာများရရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ လေးမျက်နှာသစ်တောစိုက်ခင်းမှ ကျင်းတူးခြင်း၊ ပျိုးခင်းများပြုလုပ်ခြင်း အလုပ်သိမ်း၍ မျှော့တူကျေးရွာသို့အပြန် ပန်းကုန်းလမ်းခွဲအတွင်းမှ (၂၁)မိုင် ရေနံ့သာ-ဂွကားလမ်းဘက်သို့ ယာဉ်မောင်း ဇော်ထွေး(၃၂)နှစ် မျှော့တူကျေးရွာ ရေကြည်မြို့နယ် နေထိုင်သူ မောင်းနှင်ပြီး နေ့စားအလုပ်သမား အမျိုးသား (၁၉)ဦး၊ အမျိုးသမီး (၂)ဦး စုစုပေါင်း(၂၁)ဦး လိုက်ပါလာသည့် CANDA အမျိုးအစား အဖြူရောင်ခြောက်ဘီးယာဉ်သည် ပန်းကုန်းလမ်းခွဲရှိ တောင်တက်လမ်းတွင် တောင်ပေါ်သို့ တက်ရောက်နိုင်ခြင်းမရှိဘဲ လမ်း၏ယာဘက်သို့ နောက်ပြန်လဲကျ တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ မမိတတောင် (၃၂)နှစ် မြောက်စမ်းကျေးရွာနေသူမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွန်းထံမှ သိရသည်။

 

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားနေရာသို့ သက်သေများနှင့်အတူ ကုန်းပြင်နယ်မြေရဲစခန်းမှ ဒုရဲအုပ် ပြည့်ဖြိုးမောင် ဦးစီးပြီး ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွန်း တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား ငါးသိုင်းချောင်းမြို့ အာယုပါလ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်(၃)စီး၊ ကုန်းပြင်ကျေးရွာ သီတာချမ်းမြေ့ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်(၁)စီး စုစုပေါင်းမော်တော်ယာဉ် (၄)စီးတို့ဖြင့် ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် မော်တော်ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး အမှုဖွင့်အရေးယူထားကြောင်း သတင်းသိရှိရသည်။

 

ဆန်းတင့်(ရေကြည်)