ရေကြည်   ၂၉ မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မဖြစ်ပွားစေရန်နှင့် ကာကွယ်နိုင်ရန်ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ အသိပညာပေးခြင်းကို ရေကြည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြိုနယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ဆရာဝန်ကြီးဒေါက်တာဇော်အောင် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်မှတာဝန်ရှိသူများ ပူးပေါင်းကာ COVID- 19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင် ရောဂါအကြောင်းကို ပြည်သူများ သေချာစွာသိရှိနားလည်ပြီး ရောဂါဖြစ်ပွားမှုမရှိစေရန် တစ်ကိုယ်ရည် သန့်ရှင်းစွာနေထိုင်ရေးနှင့် လူထူထပ်သောနေရာများ သွားရောက်ပါက ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို သိရှိစေရန်အတွက် ကျန်းမာရေးအသိပညာပေး  လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးရခြင်း ဖြစ်သည်။

 

အောင်သူဟန် (ပြန်/ဆက်)