ရေကြည်၊ ၁၀ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွင် ကွင်းလျှားကျေးရွာအုပ်စုမှ ငါးသိုင်းချောင်းမြို့သို့ အများပြည်သူများ အလွယ်တကူသွားလာနိုင်ရန်  ဒီဇင်ဘာ ၁၀ ရက် နံနက်  ၇ နာရီက ပေ  ၁၀၀၀ ကျော် အရှည်ရှိ ထမ်းသားခင်းတံတားကို ဆောက်လုပ်ကြောင်း သိရသည်။

ထမ်းသားခင်းတံတား ဆောက်လုပ်ရာတွင် ကွင်းလျှားကျေးရွာအုပ်စု ဆောက်ဝိုင်းအင်းအတွင်းရှိ ရိုးချာင်း သုံးချောင်းကိုဖြတ်ပြီး တံတားလေးစင်း ထိုးပါတယ်၊  ကျွန်တော်တို့ တောနယ်ဘက် တွေမှာ  ထမ်းပင်ဆိုတာရှိတယ်၊  ထမ်းသားတိုင်(ပျဉ်းကတိုးသား) ယူကလစ်သားတွေကို တိုင်လုပ်ပြီး ရေထဲချကာ မိုက်တုံးနှင့်ရိုက်ပြီး ခိုင်တာနဲ့ တံတားရဲ့ ဟိုဘက်တိုင်နှင့် ဒီဘက်တိုင် ပေါင်းတွဲရိုက်ကာ ထမ်းသားကို ဖရုံစိတ်စိတ်ပြီး လျှောက်လမ်းအဖြစ် ခင်းမှာဖြစ်ပါတယ်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး  ဦးချိုဦး က ပြောပြသည်။

အဆိုပါတံတား ထိုးပေးခြင်းဖြင့် ကွင်းလျှားကျေးရွာအုပ်စုနှင့် ကမ်းနီကျေးရွာအုပ်စုမှ သွားလာ နေကြသည့် ဒေသခံပြည်သူများ အဆင်ပြေချောမွေ့ပြီး ခရီးသွားကုန်ကျစရိတ် သက်သာမှာဖြစ်ကြောင်း၊ ငဝန်မြစ်ဟိုဘက်ကမ်းကို   ကူးတို့လှေနှင့် ကူးပါက ဆိုင်ကယ်တစ်စီး လူတစ်ယောက်ကို အသွားအပြန် ၁၅၀၀ ကျပ် ပေးရကြောင်း၊ တံတားထိုးလိုက်တဲ့အတွက် ကုန်စရာမလိုတော့ကြောင်း၊ ဒီနေ့မနက်ပိုင်းမှာ တံတားဆောက်လုပ်ရန် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ပရဟိတအဖွဲ့များ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောက်လုပ်လျက်ရှိကြောင်း၊ ကွင်းလျှားအုပ်စု လေးဆယ်ကျော်ပိုင်း နေသူ ရာအိမ်မှူး  ဦးလှိုင်ဝင်းထွန်းက ပြောပြသည်။

ထမ်းသားခင်းတံတားကို ဒီဇင်ဘာ ၁၀ ရက်မှစတင်ကာ နှစ်ရက်အတွင်း အပြီးသတ်ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆန်းတင့်(ရေကြည်)