ရေကြည် သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ မြို့နယ်အတွင်းရှိ ဆေးဆိုင်များ နေ့စဉ်ဖွင့်လှစ်မှုရှိ၊ မရှိ ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့်အခြေခံ ဆေးဝါးများလုံလောက်မှု ရှိ၊ မရှိ၊ သောက်သုံးရန် မသင့်သည့်ဆေးဝါးများ ရောင်းချခြင်းရှိ၊ မရှိ စစ်ဆေးခြင်းနှင့် အသက် ၆၅ နှစ်နှင့် အထက် ဘိုးဘွားများ နှင့် ဒေသခံပြည်သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်၊ ကိုယ်အပူချိန်နှင့် ကျန်းမာရေးအခြေအနေစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ စနစ်တကျရှိစေရေး အတွက် ကြီးကြပ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဝင်ဗိုလ်မှူး မျိုးမြင့်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်ကံညွန့်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးဒေါ်မေသူကျော်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိနှင့် အဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ထို့အပြင်အဆိုပါ ပူးပေါင်းအဖွဲ့သည် မြို့သူမြို့သားများ အထူးလိုအပ်လျက်ရှိသော အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ရေးလုပ်ငန်းပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့အဝင်ဆိုင်းဘုတ်များသန့်ရှင်း သာယာလှပစေရေးအတွက် လိုအပ်သည်များကို ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)


