ရေကြည်မြို့နယ်တွင် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲရင်း စိုက်ပျိုးတောင်သူများ မုန်တိုင်းမိုးကြောင့်  ဧက(၇၀၀)ကျော် ပျက်စီးဆုံးရှုံး

ရေကြည် စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွင် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲရင်း စိုက်ပျိုးကြဲပက်ထားသည့် တောင်သူဦးကြီးများ မုန်တိုင်မိုးကြောင့် ရေကြီးနစ်မြုပ်ကာ ဧက(၇၀၀)ခန့် ပျက်စီးဆုံးရှုံးကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“မုန်တိုင်းမိုးက မမျှော်လင့်ဘဲ စက်တင်ဘာ ၁၅ ရက်ကနေ စပြီးရွာတာ၊ ယနေ့အထိ ပဲတွေက ထွန်ယက်ပြီး ပက်ထားကြတာ ရက်ပေါင်း(၂၀)ကျော် တစ်လနီးပေါ့ဗျာ။ ကျတော်တို့တောင်သူတွေက မြစ်ရေပြန်တက်တောင် ကုန်းပေါ်ကို မရောက်နိုင်ဘူးထင်ခဲ့တာ မိုးက အထက်ဘက်မှာရွာပြီး ငဝန်မြစ်ရေက တက်လာတယ်၊ ကျွန်တော်တို့ ရေကြည်မြို့နယ်မှာလဲ မုန်တိုင်းမိုးက ရေပါမိုးပါရွာသွန်းမှုကြောင့် ကုန်းပေါ်တွေမှာပါ ရေတက်မြုပ်တာ။ ထွန်ယက်ကြဲပက်ထားကြတဲ့   ပဲတီစိမ်း၊ မတ်ပဲ၊ ပဲရင်း ပဲပင်တွေကို ရေတက်လွှမ်းပြီး ပဲပင်တွေပုတ်ကာ သေကုန်တယ်။ ပဲရင်းပိုဆုံးရှုံးတယ်။ အားလုံး ခန့်မှန်းခြေ သိန်း(၄၀၀)ကျော်ခန့်လောက် ဆုံးရှုံးကြတယ်” ဟု ဒေသခံတောင်သူ ဦးနိုင်ဝင်းထွန်းနှင့် ဦးသက်ပိုင်တို့က ပြောပြသည်။

တောင်သူများအနေဖြင့် ရာသီဥတုကောင်းမွန်ပြီး ရေပြန်ကျ၍ စိတ်ချရပြီး ပဲအမြန်ဆုံး ပြန်လည်ကြဲပက်နိုင်ရန် ပဲတီစိမ်းတစ်တင်းလျှင် (၅၅၀၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၇၀၀၀၀)ကျပ်၊ ပဲရင်းတစ်တင်းလျှင် (၁၂၀၀၀၀)ကျပ် ဝယ်ယူရကြောင်းနှင့် မုန်တိုင်းမိုးကြောင့် ရေကြီးနစ်မြုပ်ပဲများ ပျက်စီးဆုံးရှုံးခဲ့သော အုပ်စုများမှာ ဘုရားကုန်းအုပ်စု၊ ကွင်းလျားအုပ်စု၊ ကညင်ငူအုပ်စု၊ နွားရေတိုက်အုပ်စု၊ နှောကုန်းအုပ်စုနှင့် အခြားသောအုပ်စုများ ပါရှိကြောင်း သိရှိရသည်။

ဆန်းတင့်(ရေကြည်)