ရေကြည်တစ်ပေါက် သောက်ကြရပြီ

၁ ဇူလိုင်

 


လင်းရိုဗာနှင့် ခွေးဘီလူး မှားပြီးများ ထုတ်လေသလား။ လင်းရိုဗာကားဆိုတာ တောလမ်း၊ တောင်လမ်း လမ်းကြမ်း ခရီးကိုသွားဖို့ရာ   အထူးထုတ်လုပ်ထားတာ။  

 

အခုခွေးဘီလူးကားက   လင်းရိုဗာကားလို   တောင်ဆင်း၊ တောင်တက် လမ်းကြမ်းကြီးကို အသားကုန်ပြေးတက်၊ ပြေးဆင်း။  စိမ့်ကြီး    မြိုင်ကြီး    ရိပ်ကြီး  တောတောင်နေရောင်ပင် မခသည့် ဖဲလျားကျေးရွာက တောနက်ကြီးထဲမှာ။

 

လျားဒူစမ်းချောင်းအထက် လှည်းလမ်းကြောင်း တစ်လျှောက်  ကွေ့ကာ  ဝိုက်ကာ  တက်ကာ  ဆင်းကာ သွားနေသည်။

 

မောင်းသည့်  ဦးစီးအရာရှိ  ဦးမိုးလွင်ဦးကလည်း ကားမောင်းကျွမ်းကျင်သလား မမေးနှင့်။

 

စီးလာတဲ့ မိမိနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းထွေး၊ ဒုတိယဦးစီးမှူး ခူးဆူရယ်တို့က သာ  အလိုက်သင့်  အလျားသင့်  ယိမ်းထိုးလိုက်ပါလာရသည်။

 

တောကလည်း နက်သလား မမေးနှင့်။

 

လမ်းဘေးဝဲ၊ ယာတောင်များပေါ်တွင် လက်တစ်ဖက်၊ နှစ်ဖက်၊  သုံးဖက်မက  သစ်ကြီးပင်ကြီးများ။  ပေါင်လုံး လောက်၊ ခြေသလုံးလောက်တုတ်သည့် ဝါးပိုး ဝါးရုံများ။

 

မြသားနှယ် ငွေတောင်တန်းမှာဖြင့်
စိမ့်စမ်းရေတံခွန်နှင့်
ပန်းအမွမ် ထုံကြည်ဝင်းတဲ့ပြင်
ဂမုန်းအင် သဇင်သင်းပုံက 
ရင်တွင်းဖြင့် ရွှင်ကြည်ကြည်


ကဗျာဆရာမ       မကျည်းတန်(လွိုင်ကော်)၏  “ငွေပြည်သာ” ကဗျာတစ်ပိုင်းတစ်စကို ရွတ်ဆိုမိသည်။

 

ရင်တထိတ်ထိတ် ရင်တခုန်ခုန် စီးလာရတဲ့ကားက ဖဲလျားကျေးရွာနှင့် သုံးမိုင်ခန့်ဝေးသည့် လျားဒူရေထွက်ရောက်မှ ရပ်သွားတော့သည်။ လျားဒူ၏ အဓိပ္ပာယ်အား ဒုတိယဦးစီးမှူး ခူးဆူရယ်ကို မေးကြည့်ရာ ချောင်းကြီးဟုအဓိပ္ပာယ်ရကြောင်း သိရသည်။

 

မနမ

 

ဟုတ်ပါသည်။  ထိုလျားဒူရေထွက်မှ ထွက်သည့်စိမ့်စမ်းရေအား ဖဲလျားကျေးရွာသို့ သွယ်ပေးထားသည်။ ချောင်းကမ်းပါးတစ်လျှောက် ပိုက်များတပ်ဆင်၍ သွယ်တန်းပေးထားသည်။ အိမ်ခြေ   ၉၇ လုံး၊ လူဦးရေ  ၅၂၅ ဦး၊ ကျွဲ၊ နွားကောင်ရေ ၁၈၀ ခန့်တို့ကို  နှစ်ပေါင်း  ၂၀ ကာလအထိ  သောက်သုံးရေဖူလုံစွာ  သုံးစွဲနိုင်စေရန် သွယ်တန်းပေးထားပါသည်။

 

သုံးမိုင်ခန့်ဝေးသော လျားဒူရေထွက်မှ စိမ့်စမ်းရေအား ဖဲလျားကျေးရွာအရောက် အမြင့်မှအနိမ့်သို့ နိမ့်မြင့်ရေ စီးဆင်းရယူသည့်နည်းလမ်း  (Gravity Flow Water Supply System) ဖြင့်     ပုံစံထုတ် သွယ်ယူပေးထားခြင်း  ဖြစ်ပါသည်။ ဖဲလျားကျေးရွာထိပ်တွင်ရေဂါလန်    ၇၅၀ဝ  ဆံ့    ရေကန်တည်ပြီး  ယင်းရေကန်မှနေ၍  ရေဝေတိုင်  ၁၄ တိုင်ဖြင့်  ရေပေးဝေလျက်ရှိသည်။

 

ထိုစိမ့်စမ်းရေသွယ်လုပ်ငန်းသည် ကုန်ကျစရိတ်နည်းနည်းဖြင့် သဘာဝနည်းကို အသုံးချ၍ ရေသွယ်ယူသောနည်းလမ်း  ဖြစ်ပါသည်။  ကယားပြည်နယ်တွင် စိမ့်စမ်းရေသွယ်လုပ်ငန်း ၁၃ ခု ရှိသည်ဟု သိရပါသည်။

 

ထိုနေ့က ဖဲလျားကျေးရွာသူကြီး  ဦးမီရယ်အပါအဝင် ဖဲလျားကျေးရွာမှ လူကြီးများနှင့် ညဉ့်နက်သည်အထိ စကားဝိုင်းဖွဲ့ခဲ့ကြပါသည်။ ယခင်က   ရွာနှင့် တစ်မိုင်ခန့်ဝေးသည့်  ရေထွက်မှ  ရေကို  ရယူသုံးစွဲကြရကြောင်း၊ ရေထွက်ကလည်းနည်း၊ သုံးရွာလည်း ခွဲယူသုံးစွဲရတော့မလောက်ကြောင်း၊ ယခု ရေအတွက် မပူရတော့ကြောင်း ပြောပြပါသည်။

 

ဖဲလျားကျေးရွာသည် ဒီးမော့ဆိုမြို့နှင့် ခုနစ်မိုင်၊ လွိုင်ကော်နှင့်  ၁၃ မိုင် ဝေးကြောင်း သိရသည်။

 

စိမ့်စမ်းရေများ  စဉ်ဆက်မပြတ် ထွက်နေစေရန် လျားဒူသစ်တောကြိုးဝိုင်းအား  ဝိုင်းဝန်းထိန်းသိမ်းကြကြောင်း၊ သစ်တောထိန်းသိမ်းရေးကော်မတီရှိကြောင်း ပြောပြပါသည်။

 

“အခုဆို လမ်းလည်းကောင်းပြီ၊ လျှပ်စစ်မီးလည်း ရပြီ၊ တယ်လီဖုန်းလည်း ပြောနိုင်နေပြီ၊ ဘာလိုသေးလဲ” ဟု  စာရေးသူက မေးရာ  “စီးပွားရေး”ဟု ဦးမီရယ်က ဆိုပါသည်။

 

ဖဲလျားကျေးရွာသည် မိုးစပါး၊ ပြောင်း၊ မြေပဲ စိုက်ပျိုး သည်ဟု သိရသည်။

 

အတူပါလာသူ ဒုတိယဦးစီးမှူး ခူးဆူရယ်က ၎င်းနေသည့်ရွာတွင် ကော်ဖီစိုက်ရာ ဂျပန်ကြိုက်ကော်ဖီဖြစ်သဖြင့် ဂျပန်က ရသလောက်ဝယ်မည်ဟုဆိုကြောင်း ပါဝင်ဆွေးနွေးပါသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကယားကော်ဖီအား အလေးအနက် စဉ်းစားသင့်ပါသည်။ ဈေးကွက်ရှိသဖြင့် တိုးချဲ့စိုက်ပျိုး  တင်ပို့ရောင်းချသင့်ပါ သည်။

 

ဖဲလျားကျေးရွာ ရွာဦးကျောင်းတွင် ဘုန်းကြီးကျောင်းသား ၁၀ ဦးရှိပြီး စာပေသင်ကြား သင်အံဝတ်တက်လျက်ရှိသည်ဟု  ကြားရသည်။  အိမ်များသည်သန့်ရှင်းပြီး အကွက်ကျကာ  လမ်းများက  ရေမတင်ဘဲဖြောင့်ဖြူးနေပါသည်။

 

အိမ်တိုင်း အိမ်တိုင်းတွင် စနစ်တကျစီထားသော ထင်းခွဲခြမ်းများကို တွေ့ရပါသည်။   “လျှပ်စစ်မီးနဲ့မချက်ပြုတ်ဘဲ၊ ဘာလို့  ထင်းမီးသုံးရတာလဲ  “ဟု မေးရာ “ကြောက်လို့”ဟု ဆိုပါသည်။

 

ယင်းကို တာဝန်ရှိသူများက အသိပညာပေးကြရပါမည်။

 

စာရေးသူသည်  ဒီးမော့ဆိုမြို့နယ်    ပဆေးလာ+ပဒန်းခိုကျေးရွာ လျှပ်စစ်/မော်တာပန့်ဖြင့်     ရေတင်၍ စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းသို့လည်း မေလ ၁၁ ရက်နေ့နံနက်ပိုင်းက ရောက်ရှိခဲ့ပါသည်။

 

ဒီးမော့ဆိုမြို့နယ် ဆီမီးဆိုဒါးကျေးရွာရှိ “နန့်စံဖူး”ရေထွက်မှ  စိမ့်စမ်းရေအား   ပေ  ၉၂၀ဝ   (ပိုက်လိုင်း တစ်လျှောက်) ဝေးသည့်  ပဆေးလာရွာသို့ တွန်းတင်၍ ရေဖြန့်ဝေပေးကြောင်း သိရသည်။ နန့်စံဖူးရေထွက်တွင်ရေထိန်းတော ၁၄၂ ဧကရှိကြောင်း သိရသည်။ လျှိုမြောင်တောင်ကြားတွင် သစ်ကြီးဝါးကြီးများ ပေါက်ရောက်လျက်ရှိသည်။ ပဆေးလာရွာသည် ကားလမ်းအတိုင်း လာရပါက နန့်စံဖူးရေထွက်နှင့် သုံးမိုင်ကျော်ဝေးကြောင်း၊   ထော်လာဂျီတစ်စီးတိုက်ရေကို  ငွေကျပ် ၄၀ဝ၀ ကျပ်ပေးဝယ်သုံးရကြောင်း သိရသည်။  ယခုမူ   ရွာရှိရေတိုင်မှဖွင့်၍ သုံးနိုင်နေပေပြီ။

 

ရေထွက်မှ ပဆေးလာကျေးရွာသို့ ပေ ၉၂၀ဝ အရှည် ပင်မရေတင်ပိုက်လိုင်း သွယ်တန်းထားပြီး ရေထွက်ဦးရေစစ်ကန် သုံးကန် တည်ထားသည်ကို တွေ့ရသည်။

 

ယင်းအပြင် ပဆေးလာကျေးရွာမှ ပဒန်းခိုကျေးရွာသို့ပေ ၅၅၃၀ အရှည် ရေဖြန့်ဝေလိုင်းကိုလည်း  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တည်ဆောက်ထားသည်။

 

၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်တွင် ပဆေးလာ  ကျေးရွာမှ   ပဒန်းခိုကျေးရွာသို့   ဖြန့်ဝေလိုင်း ပေ ၅၅၃၀ တည်ဆောက်ခြင်း၊  အနည်ထုတ်ဗားအိမ်   တစ်ခု၊ ရေထိန်းဗားအိမ် သုံးခု၊  ဂါလန် ၁၀ဝ၀ဝ ဆံ့ ရေလှောင်ကန တစ်လုံး၊  ဂါလန်  ၅၀ဝ၀  ဆံ့  ရေလှောင်ကန်  တစ်လုံး၊ ပဆေးလာကျေးရွာ  ဖြန့်ဝေလိုင်း နှစ်လိုင်း ၁၅၂၄၂ ပေ၊ ပဒန်းခိုကျေးရွာ  ရေလှောင်ကန်နှစ်လုံးသို့   ဖြန့်ဝေ ပိုက်လိုင်း ပေ  ၁၀ဝ၀၊ ရေသုံးစွဲမှုပြ ယူနစ်မော်တာများ ပါဝင်သော  ရေဝေတိုင်   ၇၅  တိုင်တို့ကို  တပ်ဆင်ပေး သွားမည်ဟု သိရသည်။

 

စိမ့်စမ်းရေထွက်များ စဉ်ဆက်မပြတ် ထာဝရတည်တံ့ရေထွက်နေစေရန်  သစ်တော၊ ဝါးတောများ ထာဝရရှိနေ ရန် လိုပါသည်။ ရွာကျလာသော မိုးရေများသည် သစ်ပင်၊ ဝါးပင်၊ ချုံနွယ်ပိတ်ပေါင်းများမှနေ၍    မြေကြီးအတွင်း စိမ့်ဝင်သွားရာတွင် အောက်ခံမြေသားအမာများ၊ ကျောက်လွှာများနှင့် တွေ့ရပါက ဆက်လက်မစီးဆင်းနိုင်တော့ဘဲ မြေပေါ်သို့ ပြန်ထွက်လာကြောင်း၊ ယင်းသည်ပင် စိမ့်စမ်းရေဖြစ်ကြောင်း  ပညာရှင်များက    ဆိုပါသည်။  သစ်ပင်ကြီးများသည်  ရေလှောင်ကန်ကြီးများပင်  ဖြစ်ကြောင်း၊ ခြောက်သွေ့ရာ သီအရောက်တွင် ယင်းရေလှောင်ကန်များက  ရေပြန်ထုတ်ပေးနေကြောင်းလည်း  ဆိုပါသည်။

 

ထိုသစ်တောကြီးများကို  ကယားအမျိုးသားတို့က ရိုးရာဓလေ့ထုံးစံဖြင့် ထိန်းသိမ်းထားရှိပါသည်။  နန့်စံဖူး ကြိုးပြင်ကာကွယ်တော ဧက ၁၅၀ဝ၀ ခန့်ရှိကြောင်း သိရပါသည်။ သစ်ခုတ်၊ ဝါးခုတ်တောတွေ့ရင် ကြက်ရိုးထိုးနတ်မေးကြကြောင်း၊ သဘောတူ၊ မတူ မေးကြောင်း၊ ပိုက်လိုင်း ချတာတောင် ဝက်တစ်ကောင်ပေးမှ သဘောတူပါကြောင်း၊ သစ်ခုတ်၊ ဝါးခုတ်ပါက နွားမတစ်ကောင် လျော်ရကြောင်း၊ နတ်ကျွေးရကြောင်း၊  နတ်ကြီးလို့  မခုတ်ရဲကြကြောင်း သိရသည်။

 

ပဆေးလာကျေးရွာမှ ကယန်းအမျိုးသားကြီး ဦးရွှေဘအိမ်ဝင်းကား နေချင့်စဖွယ်ပင်။ ခြံထဲတွင် တညင်း၊ ကော်ဖီ၊ ပိန္နဲ၊ သရက်ပင်များ စိုက်ထားသည်။ ကော်ဖီပင်ကား အသီးများသီးလျက်။

 

အတူပါလာသူ  ဒုတိယဦးစီးမှူး ခူးဆူရယ်က ၎င်းနေထိုင်သည့် ဒေါ်ပြာဦးကျေးရွာတွင်  ဂျပန်နှင့်ကော်ဖီလုပ်ကြောင်း၊ ကော်ဖီကို အရင်ကတည်းက စိုက်ကြောင်း၊ ယခု ဂျပန်ကနည်းပညာနဲ့   စက်ပါပေးကြောင်း၊ သင်တန်းလည်း ပေးကြောင်း၊ ထွက်သမျှ ကော်ဖီစေ့ကိုဝယ်ကြောင်း၊    လောက်တောင်    မလောက်ကြောင်း ပါဝင်ဆွေးနွေးပါသည်။

 

ကော်ဖီစိုက်ပျိုးရန် ဦးရွှေဘကို စည်းရုံးခဲ့ပါသည်။ ၎င်းကို  ရာသီသီးနှံ  ကော်ဖီဌာနမှူး  ညွှန်ကြားရေးမှူး ဦးမြင့်ဆွေကို ပြောပြရပါဦးမည်။

 

အခု လမ်းလည်းကောင်းနေပြီ၊ လျှပ်စစ်မီးလည်း ရနေပြီ၊  တယ်လီဖုန်းလည်းရပြီ၊  ကိုယ့်အိမ်ကိုယ့်ရာမှာလည်း အေးအေးလူလူ နေနိုင်နေပြီ၊ သောက်သုံးရေလည်း အိမ်ရှေ့ရောက်နေပြီ၊ ဘာလိုသေးလဲဟု မေးရာ “ပညာ တတ်မှ”ဟု ဖြေပါသည်။


ဟုတ်ပါသည်။


ဆရာကြီး ဦးဖေမောင်တင်က  “ တောင်တန်းသား များအားလုံး    ဗဟုသုတကြွယ်ဝ၍ ယဉ်ကျေးမှုအရာတွင် မြန်မာတို့နှင့်နီးပါးဖြစ်လာသောအခါ ယဉ်ကျေးမှုဟူသည် ကျယ်ပြန့်လာပေလိမ့်မည်” ဟု ဆိုထားပါသည်။

 

ကယားလူမျိုးများသည် ရေနှင့်ဝေးသော တောင်စောင်း၊ တောင်ခါးပန်းနှင့်  လွင်ပြင်အရပ်များတွင် တံခါးမကြီးတစ်ပေါက်သာပါသော  ခြေတံရှည်ဝါးအိမ်၊ သစ်သားအိမ်များ ဆောက်လုပ်နေထိုင်ကြသည်။ ဤသို့  ဆောက်လုပ်နေထိုင်ခြင်းမှာ  ရေကိုကြောက်၍ ဖြစ်သည်။  သူတို့သည် ရေနှင့်နီးနီး နေထိုင်လျှင်မကြာခဏ  မကျန်းမမာဖြစ်တတ်သည်ဟု အယူရှိကြသည် (ကယားတို့ဌာနီ  ငွေတောင်ပြည်၊ စာမျက်နှာ ၁၉)ဟု စာရေးဆရာတစ်ဦးက ၁၉၅၂၊ ၁၉၅၃၊ ၁၉၅၅၊ ၁၉၆၂ ခုနှစ်က မြင်တွေ့ ကြားသိရသည်များကို ရေးသားထားသည်။   ဟုတ်ပါလိမ့်မည်။  ထိုအချိန်က သစ်တော၊ ဝါးတောကြီးများ ဖုံးလွှမ်းနေသဖြင့် အဖျားအနာ  ပေါပါလိမ့်မည်။ ယခုမူကား ရဂုံမြိုင်တွင်း  တောလုံးလင်းနေပေပြီ။    ကယားအမျိုးသားတို့  ရေ၏တန်ဖိုးကိုလည်း သိလာကြပေပြီ။ ရေကိုလည်း တန်ဖိုးထားတတ်လာကြပေပြီ။      သုံးလည်းသုံးတတ်လာကြပေပြီ။

 

ယင်းကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)က ပြည်နယ်အစိုးရအဖွဲ့စီမံခန့်ခွဲမှုဖြင့် စီမံဆောင်ရွက်ပေးနေသည်။

 

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ထောင်ချီမြင့်သော  တောတောင်လျှိုမြောင်များမှ ထွက်နေသော စိမ့်စမ်းရေတသွင်သွင်အား ဝေးလံခေါင်သီသည့်၊ ရေနှင့်အလှမ်းဝေးနေဆဲဖြစ်သည့် တောင်ပေါ်နေ ကျေးရွာများအရောက်   ခေတ်မီအင်ဂျင်နီယာ နည်းပညာဖြင့် သွယ်တန်းပေးနေပေသည်။

 

တောင်ပေါ်နေ ကယားတိုင်းရင်းသားတို့ ရေကြည်တစ်ပေါက် သောက်ကြရပေပြီ။     ။

 

ထိန်လင်း(မန်းတက္ကသိုလ်)