ရေကျသွားလို့ အိမ်ပြန်တော့မယ်ဆိုရင် သတိထားရမယ့်အချက်များ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

 

ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာ သစ်တောတွေပြုန်းတီးလာမှုနဲ့  သဘာဝပတ်ဝန်းကျင်တွေ ညစ်ညမ်းလာမှု ကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကို လူသားတွေ အလူးအလဲခံစားနေကြရပါတယ်။ အပူလှိုင်း ဖြတ်တာ၊ မိုးကြီးရေလျှံတာ၊ မြေပြိုတာနဲ့ အမျိုးမျိုးသော ရာသီဥတုပြောင်းလဲမှုတွေကို တွေ့ကြုံခံစား နေကြရပါတယ်။ ဒီလိုမျိုး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့်ဖြစ်လာတဲ့ ပြဿနာတွေထဲမှာ အဆိုးရွား ဆုံးက မိုးကြီးရေလျှံတာလို့ ဆိုရမလားပဲ။ အခုလတ်တလော မြန်မာနိုင်ငံအနှံ့အပြားမှာလည်း ရေကြီးမှုတွေ ကြုံတွေ့နေရသလို အိမ်နီးချင်း လာအို၊ ထိုင်းနိုင်ငံတွေမှာလည်း ရေကြီးမှုတွေဖြစ်ပေါ် နေပါတယ်။

 

ရေကြီးက အဆမတန်ကြီးတဲ့အခါ အသက်အန္တရာယ် ဆုံးရှုံးတာမျိုးတွေအထိ တွေကြုံရနိုင်ပါတယ်။ ရေကြီးတာ ကပဲ အန္တရာယ်ရှိနေတာ ရောဂါတွေကို ဖြစ်စေနေတာမဟုတ်ပါဘူး။ ရေကျသွားတဲ့အခါမှာလည်း အန္တရာယ် ဖြစ်စေနိုင်တဲ့ အနေအထားတွေ ရင်ဆိုင်ရနိုင်သလို ရောဂါတွေကို ခံစားရနိုင်ပါသေးတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကနေတဆင့် ရေကျသွားတဲ့အခါ အန္တရာယ်ကင်းစေဖို့ ဘာတွေကို သတိထားရမလဲဆိုတာ ကို ပြောပြပေးမယ်နော်။

 

ရေကျသွားလို့ အိမ်ကိုပြန်တော့မယ်ဆိုရင် အိမ်ရဲ့ခိုင်ခန့်မှုအခြေအနေကို အရင်စစ်ဆေးပါ – ရေကျသွားလို့ နေအိမ်တွေကို ပြန်ပြီဆိုရင် အရင်ဆုံးက တော့ နေအိမ်တစ်ခုလုံးမှာ ရှုပ်ပွနေသမျှကိုရှင်းလင်းဖို့ပါ။ ဒါမှပဲ ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်နိုင်မှာ ကိုး။ ဒါပေမယ့် အိမ်ကိုသန့်ရှင်းရေးမလုပ်ခင် အရင်ဆုံးလုပ်ရမယ့်အချက်တွေ ရှိပါသေးတယ်။ ဒါကတော့ နေအိမ်ရဲ့ ခိုင်ခန့်မှုအခြေအနေပါ။ နေအိမ်ကရေဝင်ထားတာ လေတိုက်ခံထားရတာတွေကြောင့် ခိုင်ခံ့မှုအားနည်းနေနိုင်ပါတယ်။ ကြမ်းပြင်မှာ အပေါက်တွေဖြစ်နေလား၊ ကြမ်းကျွံနေလား၊ မှန်ကွဲစတွေ ရှိနေလားဆိုတာကို စစ်ဆေးပါ။

 

လျှပ်စစ်စီးဝင်နေနိုင်တဲ့အရာတွေကို သတိထားပါ – နေအိမ်တစ်အိမ်မှာ လျှပ်စစ်မီးကို အသုံးပြုရတဲ့ ပစ္စည်းတွေက တော်တော်လေးတော့များပါတယ်။ ဒါကြောင့် အိမ်ရောက်တဲ့အခါ လျှပ်စစ်မီးနဲ့အသုံးပြုရတဲ့ အရာတွေကို အမှုမဲ့အမှတ်မဲ့ ကိုင်တွယ်ထိတွေ့တာ၊ မီးခလုတ်တွေကိုဖွင့်ကြည့်တာ၊ ဓာတ်ကြိုးတွေကို ကိုင်တွယ်ထိတွေ့တာမျိုးမလုပ်ပါနဲ့။ မတော်တဆ ဓာတ်လိုက်တာမျိုး ဖြစ်နိုင်တာကြောင့်ပါ။ တတ်ကျွမ်း နားလည်သူတွေနဲ့ စစ်ဆေးပြီးမှ လျှပ်စစ်ပစ္စည်းတွေကို ကိုင်တွယ်ပါ။

 

မြွေလိုမျိုး အဆိပ်ရှိတဲ့အကောင်တွေကို သတိထားပါ – ရေကြီးတဲ့အခါ ရေနဲ့အတူ မြွေတွေ၊ အခြားအဆိပ်ရှိတဲ့ အကောင်တွေက နေအိမ်ရဲ့ နေရာတွေမှာ ခိုအောင်းနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေအိမ်ကို သန့်ရှင်းရေးလုပ်တဲ့အခါ ရော်ဘာလည်ရှည်ဖိနပ်စီးတာ၊ ရော်ဘာလက်အိတ်စွပ်တာလိုမျိုး အကာအကွယ် တွေကို ဝတ်ဆင်ပြီးမှ သန့်ရှင်းရေးလုပ်ပါ။ အဆိပ်ရှိတဲ့အကောင်တွေကို သတိထားဖို့မမေ့ပါနဲ့။ ဂတ်စ်မီးဖိုတွေကိုလည်း မဖွင့်ဖို့သတိရပါ။

 

ရေတွေကို ပြန်မသုံးပါနဲ့ – ရေကြီးစဉ်က ရေဝင်ထားတာမျိုးဖြစ်နေတဲ့ ရေအရင်းအမြစ်တွေကို ပြန်မသုံးပါနဲ့။ ကုန်စင်အောင်သွန်ပစ်ပြီး အသစ်လဲပေးပါ။ သောက်ရေနဲ့ ချက်ပြုတ်ဖို့ကတော့ ရေသန့်ကိုပဲအသုံးပြုပါ။

 

ထိခိုက်ဒဏ်ရာတွေကို သေချာကာကွယ်ပေးပါ – ရေကြီးစဉ်က ပြောင်းရင်းရွှေ့ရင်းနဲ့ မတော်တဆ ထိခိုက် မိထားတာရှိနိုင်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာတွေကို မသန့်ရှင်းတဲ့ရေတွေကနေတဆင့် ဘက်တီးရီးယား တွေဝင်ပြီး အနာရင်းတာတွေ မဖြစ်စေဖို့အတွက် အနာကို ပလာစတာကပ်တာ၊ ပတ်တီးစည်းတာမျိုးတွေ လုပ်ဆောင်ပေးပါ။

 

ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝအောင်နေပါ – ရေကိုဆာမှ သောက်တာမျိုးမလုပ်ပါနဲ့။ ကိုယ်တိုင်ရော မိသားစု ဝင်တွေ ကိုပါ ရေဓာတ်ပြည့်ဝအောင်ထားပြီး ဝမ်းရောဂါနဲ့ အခြားအဖျားရောဂါတွေမဖြစ်အောင် ကာကွယ်ပါ။ သောက်သုံးတဲ့ရေက သန့်စင်ဖို့တော့လိုပါမယ်။

 

သန့်ရှင်းမှုမလုပ်ပြီးခင်မှာ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို အဆင်ပြေမယ့်တစ်နေရာမှာထားပါ – သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေက ကိုယ်ခံအားနည်းသူတွေဖြစ်တာကြောင့် နေအိမ်သန့်ရှင်းလို့ မပြီးခင်မှာ မခေါ်ထားတာကအကောင်းဆုံးပါ။ ရေကြီးစဉ်ကတင်ကျန်ခဲ့တဲ့ အမှိုက်နဲ့နုန်းတွေထဲမှာ ရောဂါပိုးတွေ ရှိနေနိုင်တာကြောင့်ပါ။ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း ဘေးကင်းမယ့် တစ်နေရာမှာထားပြီး အိမ်ကို သန့်ရှင်းပြီးမှ ခေါ်ပါ။

 

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ – သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ လက်ဆေးဖို့မမေ့ပါနဲ့။ အစားအစာတွေကို မပြင်ဆင်ခင်၊ အစားအစာတွေကို မစားခင်မှာလည်း ခြေလက်တွေကို သန့်စင်ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို မပြတ်ဂရုစိုက်ပေးပါ။ ဒါမှ မလိုလားအပ်တဲ့ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။

 

တစ်အိမ်လုံးကို ပိုးသတ်သန့်စင်ပါ – ရေကြီးတဲ့အခါ ရေထဲမှာ အညစ်အကြေးတွေ၊ အမှိုက်သရိုက်တွေနဲ့ ရောဂါပိုးတွေပါနိုင်တာကြောင့် တစ်အိမ်လုံးကို သန့်စင်ပြီးသွားပြီဆိုရင် ပရိဘောဂတွေ၊ အိုးခွက်ပန်းကန်တွေနဲ့ အသုံးအဆောင်တွေကိုပါမကျန် ပိုးသတ်သန့်စင်ဖို့မမေ့ပါနဲ့။ အဝတ်အစားတွေကိုလည်း ဆပ်ပြာမှုန့် နဲ့ ရေနွေးအသုံးပြုပြီး လျှော်ပေးပါ။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"