ရှေးကထက်ပို၍ ချစ်ခင်စည်းလုံးညီညွတ်မည်

၆  နိုဝင်ဘာ

 

ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသားမျိုးနွယ်စုများမှာ ရှေးနှစ်ပေါင်းထောင်ချီကာလကတည်းက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၍ အတူတကွ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် ဖြစ်တည်ခဲ့ကြသည်။ ရေမြေသဘာဝမတူ ကွဲပြားမှုကြောင့် အသွေးအရောင်နှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတို့မှာ ခြားနားသော်လည်း မျိုးနွယ်တစ်ခုတည်းမှ ဆင်းသက်လာကြသည့် သွေးရင်းသားရင်းများဖြစ်ကြသည်။

 

သို့သော် ဤမြေတွင်နေ၊ ဤရေကိုအတူသောက်သည့် ဆွေမျိုးစဉ်ဆက်များဖြစ်ကြသော်လည်း အနေမနီး သွေးဝေးနေကြသည်။ ချစ်ခင်စည်းလုံးညီညွတ်မှု အလှမ်းဝေးနေကြသည်။ ရှေးဘိုးဘေးဘီဘင်များ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည့် အစဉ်အလာကြီးမားသော ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများမှာလည်း ခေတ်ကို မလွန်ဆန်နိုင်သဖြင့် တစ်စတစ်စပါးလျားလာခဲ့ပြီ။ ချစ်ခင်ရင်းနှီး အတူလက်တွဲဆက်ဆံခြင်းနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ တိမ်ကောသွားလျှင် လူမျိုးပျောက်နိုင်သည်။ ယခုအခါ ပြည်ထောင်စုသား မျိုးနွယ်စုငယ်အချို့မှာ ယဉ်ကျေးမှုသာမက လူမျိုးပါတိမ်ကောလုနီးပါး ဖြစ်နေသည်ကို တွေ့ရသည်။

 

ဤသည်ကို ကာကွယ်စောင့်ရှောက်ပေးရန်မှာ ပြည်ထောင်စုသား ညီအစ်ကိုမောင်နှမအားလုံး၏ တာဝန်ပင်ဖြစ်သည်။ တိုင်းရင်းသားမျိုးနွယ် တစ်ခုနှင့်တစ်ခု၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး မြှင့်တင်ပေးနိုင်မှ၊ ချစ်ခင်ရင်းနှီးမှုကို ဖန်တီးပေးနိုင်မှ၊ ဓလေ့ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မှ ဤပြည်ထောင်စုနိုင်ငံတော်ကြီးသည် အဓွန့်ရှည် တည်တံ့ခိုင်မြဲပြီး အေးချမ်းသာယာဝပြောကာ ဖွံ့ဖြိုးတိုးတက်ပေလိမ့်မည်။ ထိုအချက်မှာ တိုးတက်မှုထက် လိုအပ်ချက် ဖြစ်လာသည်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်ကာလ တိုင်းရင်းသားလူမျိုးစုများ၏ ဘဝအခြေအနေကို စေ့ငုကြည့်လျှင် သိသာနိုင်သည်။ ထို့ကြောင့် ယဉ်ကျေးမှု ဓလေ့စရိုက်များ မကွယ်ပျောက်အောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည်။ တိုင်းရင်းသားများ၏ ဘဝမြင့်မားရေးကို ဝိုင်းဝန်းမြှင့်တင်ပေး ကြရမည်။

 

အလွန်ခက်ခဲသော အရာမဟုတ်သည့် တိုင်းရင်းသားများ၏ ဤအရေးကိစ္စအား နိုဝင်ဘာလ ၄ ရက်နေ့က ထူးထူးခြားခြား စတင် အကောင်အထည်ဖော်လိုက်သည်ကို မြင်တွေ့ရသဖြင့် အတိုင်းမသိဝမ်းသာ မိသည်။ တိုင်းရင်းသားများအရေးကို ပြည်ထောင်စုနိုင်ငံများတွင် အထူးဦးစားပေး ဖော်ဆောင်ကြသည်။ ယဉ်ကျေးမှုဓလေ့ထုံးစံများကို အစဉ်အမြဲမမေ့မပျောက် မြှင့်တင်ပေးကြသည်။ ထိုနိုင်ငံများသည် ဖွံ့ဖြိုး တိုးတက်နေသည်။ ချစ်ခင်စည်းလုံးညီညွတ်နေသည်။ အင်အားတောင့်တင်း ခိုင်မာနေသည်။

 

ယခု နိုဝင်ဘာလ ၄ ရက်နေ့က မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ဦးဆောင်သည့် မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော် အကြိုအခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ကျင်းပခဲ့သည်။ ကျင်းပခြင်း၏ရည်ရွယ်ချက်မှာ တိုင်းရင်းသားလူမျိုးများ၏ နေထိုင်ရာဒေသနှင့် ရိုးရာအဆောက်အအုံများ၊ ဒေသအသီးသီး၏ ခရီးသွားလုပ်ငန်းဆိုင်ရာ စိတ်ဝင်စားဖွယ်ရာများကို လေ့လာနိုင်ရန်၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများကို သိရှိနိုင်ရန်နှင့် ဒေသထုတ်ကုန်များ၊ တိုင်းရင်းသားရိုးရာ အဝတ်အထည်များအား ပိုမိုစိတ်ဝင်စားလာစေရန်၊ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းစုနှင့် လုပ်ငန်းရှင်များအကြား ပိုမိုထိတွေ့ ရင်းနှီးလာပြီး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အထောက်အကူပြုသွားနိုင်ရန် ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော် ကျင်းပရေးဆောင်ရွက်မှုသည် လျော်ကန်ကောင်းမွန်သောလုပ်ငန်းစဉ် ဖြစ်ပါ၍ ထိုပွဲတော်များ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသား မျိုးနွယ်စုများအားလုံး ယခင်ကထက် ပိုမိုစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်း။ ။

 

ကြေးမုံ