နေပြည်တော် ၂၆ ဩဂုတ်

 

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက ရွှေကူမြို့နယ်၊ ဗန်းမော်-မန္တလေးသွား ကားလမ်း၊ ကီလိုမီတာတိုင်အမှတ် (၂၀၉)အနီးတွင် တင်ထွေး(ခ)ကိုထွေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်၍ စစ်ဆေးရှာဖွေရာ  ငွေကျပ် ၁၁၇၁ သိန်း တန်ဖိုးရှိ ဘိန်းဖြူ သုည ဒသမ ၃၉၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၈,၅၀၀ တို့ကိုလည်းကောင်း။

 

အလားတူ ယင်းနံနက် ၉ နာရီခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ လားရှိုး-မန္တလေးသွား ကားလမ်း၊ ဝက်ဝံကျေးရွာ၊ ပိတ်ချင်းမြောင် နယ်မြေရဲစခန်းရှေ့တွင် အိုက်ပွဲမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်၍ စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၉၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၀၀၇ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

 

ထို့အတူ ယင်းနေ့နံနက် ၆ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ (၁၆)မိုင်စစ်ဆေးရေးစခန်း၌ ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်၍ စစ်ဆေးရှာဖွေရာ ခရီးသည် မဘောမ်လွေနှင့် နော်ဝမ်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇,၀၀၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးမျက်ရှင် အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း အောင်ကိုဦးနှင့် သန်းစိုးတို့(၂)ဦးအား မော်တော်ဆိုင်ကယ်တစ်စီး၊ မြန်မာငွေကျပ် ၂၀၀,၀၀၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၈ လမ်းနှင့် ၁၂၅ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်၌ ကျန်ကြည်ချိန်အား မော်တော်ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးတို့ဖြင့် လည်းကောင်း၊ ဆက်လက်၍ လားရှိုးမြို့၊ မောဒလိရပ်ကွက်၊ ရန်အောင်လမ်း၊ အိမ်အမှတ်(ဆ/၂၈၆)တွင် စိုးမြင့် (ခ) ရန်တာပေါက် (ခ) ကျူလျှောက်ရှင်းအား TOYOTA LANDCRUSIER အမျိုးအစားမော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ဖြင့် လည်းကောင်း။

 

အလားတူ ယင်းနေ့ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ မိုင်းဆတ်-ဟွေရဲသွား ကားလမ်းတွင် အညီးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မနာဟဲမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်၍စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား