ရွှေကူ   ၃၁ မတ်    

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် PPE ဝတ်စုံ၊ လက်သန့်ဆေးရေဆပ်ပြာနှင့် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ရွှေကူမြို့ ရွှေတောင်တန်း စက်သုံးဆီအရောင်းဆိုင်မိသားစုမှ PPE ဝတ်စုံ ၁၀ စုံနှင့် ကိုယ်အပူချိန် တိုင်းကိရိယာ ၁ ခု၊ ဦးဖိုးပါကြွယ် မိသားစုမှ လက်သန့်ဆေးရေဆပ်ပြာ ၅၀ ဘူး၊ အလှူရှင်များမှ စုပေါင်း၍ ငွေ ကျပ် ၂၅၀၀၀၀ ကျပ်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆပ်ကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့သည်။

 

ဆက်လက်၍ ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက PPE ဝတ်စုံဝတ်ဆင်ရာတွင် ဆောင်ရွက်ရမည့်အဆင့်များကို သရုပ်ပြဝတ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့သည်။ 

 

ယင်းနောက် ရွှေကူမြို့နယ် အခြေခံကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကိုယ်အပူချိန် တိုင်းတာခြင်းများ ဆောင်ရွက် ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူး များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)