ရွှေကူ ၇ မေ
ကချင်ပြည်နယ် ရွှေကူမြို့နယ် တိန်းဟွန်းကျေးရွာ၌ မေလ ၆ ရက် ညနေ ၆ နာရီ ၅၅ မိနစ် ခန့်တွင် တော်ဝင်ရဲထွဋ်ကုမ္ပဏီပိုင် ဂျပ်စက္ကူဖာများ သိုလှောင်ရုံအဆောက်အဦ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ရွှေကူမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဇော်သန်း ဦးဆောင်ကာ သန္ဓေတပ်ဖွဲ့ဝင် ၂၀၊ အရန် (၅)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် တိန်းဟွန်းကျေးရွာသို့ သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရခြင်းမှာ အဆိုပါ ဂျပ်စက္ကူဖာများ သိုလှောင်ရုံအဆောက်အဦအနီး အမှိုက်မီးရှို့ရာမှ စတင်ကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ပေ(၁၃၅×၃၀) သွပ်မိုး၊ သွပ်ကာ မြေစိုက် ၁ ထပ် ဂျပ်စက္ကူဖာများ သိုလှောင်ရုံ အဆောက်အဦ(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ တော်ဝင်ရဲထွဋ်ကုမ္ပဏီမှ တစ်သျှူးငှက်ပျောဆိုဒ်တာဝန်ခံ ဒေါ်ထရီဇာအား ရွှေကူမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)