ရွှေကူ နိုဝင်ဘာ ၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများမှ မိုးစပါးသီးနှံစိုက် ဧကများ ရေကြီးနှစ်မြုပ်၍ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသော တောင်သူများအား ပုလဲမြေသြဇာအိတ်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ရွှေကူမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့် ထွန်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင် မင်းဦးက မိုးရာသီကာလအတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေနှင့်တာ ပိန်မြစ်ရေတို့မှ ရေများမြှင့်တက်မှု ရှိခဲ့သည့်အတွက် မိုးစပါးသီးနှံစိုက်ဧကများ ရေကြီးနှစ်မြုပ်ခဲ့၍ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော စိုက်ဧကများအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပုလဲမြေသြဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ရာ ပျက်စီးဆုံးရှုံးခဲ့ရသော မိုးစ ပါးစိုက်ဧကတောင်သူပေါင်း(၂၈၅)ဦး၊ ပျက်စီးဆုံးရှုံးခဲ့သော မိုးစပါးစိုက်ဧကပေါင်း(၈၀၂)ဧက အ တွက် တစ်ဧက(၁)အိတ်နှုန်းဖြင့်လည်းကောင်း၊ ထိခိုက်ခဲ့သောမိုးစပါးစိုက်ဧက တောင်သူ( ၉၆၆ ) ဦး၊ ထိခိုက်ခဲ့သောမိုးစပါးစိုက်ဧကပေါင်း (၂၇၈၀)ဧကအတွက် သုံးဧက တစ်အိတ်နှုန်းဖြင့်လည်း ကောင်း၊ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသော တောင်သူစုစုပေါင်း( ၁၂၅၁)ဦးတို့၏ မိုးစပါးစိုက်ဧကပေါင်း (၃၅၈၂) ဧကအတွက် စုစုပေါင်း ပုလဲမြေသြဇာအိတ် (၁၉၁၈) အိတ်ကို မြို့နယ်လယ်ယာမြေစီမံခန့် ခွဲမှုအဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များထံသို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်( ပြန်/ဆက်)


