ရွှေကူ ၂၁ ဧပြီ
ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်း က သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို လည်းကောင်း၊ မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ တာဝန်ခံ ဦးနေဆန်းလင်းက လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း အခြေအနေများကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် ရွှေကူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု(၁၂)အုပ်စုရှိ လေဘေးသင့်အိမ်ထောင်စု ၇၀ စု အတွက် ထောက်ပံ့ငွေ ၅၀၁၀၀၀၀ ကျပ်၊ အမှတ်(၁)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း ဓမ္မာရုံအမိုး ပျက်စီးခြင်းအတွက် ထောက်ပံ့ငွေ ၁၀၀၀၀၀ ကျပ်၊ အိမ်ထောင်စု ၇၀ စုမှ လူဦးရေ ၃၃၄ ဦးအတွက် ဆန်ရိက္ခာဖိုးငွေ ၇၀၁၄၀၀ ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၈၁၁၄၀၀ ကျပ်နှင့် လုံးဝပျက်စီး အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)