ရွှေကူ ၁၉ မေ

 

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း မိုးရာသီကူးပြောင်းချိန်ကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါများ မဖြစ်ပွားစေရန်အတွက် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ အသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယမန့်နေ့ နံနက်ပိုင်းမှ စတင်၍ ရွှေကူမြို့ပေါ်ရပ်ကွက်များရှိ အိမ်ထောင်စုများသို့ သွားရောက်ပြီး  အသိပညာ ပေးခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

5236

 

မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ များနှင့် ပတ်သက်ပြီး “ ယခုအချိန်ခါဆိုရင် မိုးတွင်းကာလရောက်လာပြီဖြစ်၍ သွေးလွန်တုပ်ကွေး ရောဂါပိုး တွေဟာ ခေါင်းထောင်လာတော့မှာဖြစ်တဲ့အတွက် မြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းတွေက ရပ်ကွက်တွေထဲမှာ အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်တာတွေ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပိုးလောက်လန်းကနေ ခြင်ဖြစ်လာတဲ့အတွက် ခြင်ကိုက်ခြင်းမှ သွေးလွန်တုပ်ကွေးရောဂါဖြစ်မှာကို စိုးရိမ်ရပါတယ်၊ ဒါကြောင့် ခြင်ကို နှိမ်နှင်းမည့်အစား ပိုးလောက် လန်းကနေစပြီးတော့ နှိမ်နှင်းဖို့ အတွက်ကို ရပ်ကွက်တွေထဲမှာ ယခုလို အသိပညာပေး၍ ဆောင်ရွက် ရခြင်းဖြစ်ကြောင်း အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်အေးအေးခိုင်က ပြောခဲ့သည်။

 

မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ အသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များက ရွှေကူမြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေကန်များ၏ အလျား၊ အနံ၊ အမြင့်များကို တိုင်းတာပြီး အဘိတ်ဆေးခပ်ခြင်း၊ သွေးလွန်တုပ်ကွေး ရောဂါကင်းဝေးစေရေး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန်အတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။           

           

ကျော်မျိုးအောင်(ပြန်/ဆက်)