ရွှေကူ ဒီဇင်ဘာ ၅
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့်ကျေးရွာများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများဖြစ်သည့် တောပုန်း၊ နောင်လက်ကြီး၊ နုတ်ချို၊ မြောက်ရွာ၊ သဘော်အင်း၊ စုစုပေါင်း ကျေးရွာငါးရွာကို တစ်ရွာလျှင်ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း ၅၀၀ လွှဲပြောင်းပေးအပ်ရာ သက်ဆိုင်ရာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များက လက်ခံရယူသည်။
ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဖော်ဆောင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ (VDP) စီမံကိန်းဖြင့် ကျေးရွာပေါင်းငါးရွာ၌ ကျေးရွာခန်းမ တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ကွန်ကရစ်ဘောင်သဲကျောက်လမ်း ခင်းခြင်းလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)