ရွှေကူ   ၅   သြဂုတ်     

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာခြင်းကို ၁၁ ရက်အတွင်း ပြည်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုပြီး မိမိအမည် မပါဝင်ခြင်းကို လျှောက်ထားခြင်း၊ ကန့်ကွက်လွှာ လျှောက်ထားခြင်း၊ အချက်အလက်များ မှားယွင်းနေမှုကို ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်လျှက်ရှိသည်။

 

ရွှေကူမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒစာရင်းကို ၁၁ ရက်အတွင်း လာရောက်ကြည့်ရှုသူ ၁၅၆၂၆ ဦးခန့်ရှိပြီး မိမိအမည် မပါဝင်ခြင်းကို  ပုံစံ(၃)ဖြင့် လျှောက်ထားသူ  ၂၉၀  ၊ မပါဝင်သင့်သူများ ပါဝင်နေခြင်းကို  ကန့်ကွက်သည့် ပုံစံ(၄)ဖြင့် လျှောက်ထားသူ ၁၄၃ ဦး၊ အချက်အလက်များ မှားယွင်းခြင်းကို ပြင်ဆင်သည့် ပုံစံ(၄−ဂ)လျှောက်ထားသူ ၂၁၅ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

ရွှေကူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု ၃၆ အုပ်စုရှိပြီး မဲရုံပေါင်း(၅၁)ရုံနှင့် ပထမ အကြိမ် မဲဆန္ဒရှင်စာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၆၄၉၄၄ ဦးခန့်ရှိကြောင်း၊ မဲဆန္ဒရှင် စာရင်း ကြေညာခြင်းကို ဇူလိုင် ၂၅ ရက်မှ စတင်၍ သြဂုတ်လ ၇ ရက်နေ့အထိ ရပ်ကွက်/ ကျေးရွာအတွင်းရှိ သတ်မှတ်ထားရှိသည့် နေရာများတွင် ၁၄ ရက်ကြာ ကပ်ထားကြေညာ ပေးမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းများအား ပြည်သူများ သိရှိနိုင်ရန်နှင့် လာရောက်ကြည့်ရှုနိုင်ရေးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။


    
ကျော်မျိုးအောင်(ပြန်/ဆက်)