ရွှေကူ ၁၁ ဧပြီ

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော အခြေခံစားသောက်ကုန် ၅ မျိုးစီကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ ကျေးရွာများအရောက် ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

a128

 

ထိုသို့ဖြန့်ဝေခြင်းများ ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်၍ အ​ခြေခံစားသောက်ကုန်များကို ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၂ အုပ်စုနှင့် မြို့လှမြို့ ရပ်ကွက် ၄ ရပ်ကွက်တို့မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာ စသည့်အခြေခံစားသောက်ကုန် ၅ မျိုးစီကို ဖြန့်ဝေပေးခဲ့သည်။

 

ရွှေကူမြို့နယ်နှင့် မြို့လှမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ကောက်ယူထားသည့် အိမ်ထောင်စု ၆၂၁၁ စုအား စာရင်းအလိုက် ကျေးရွာများအရောက် စားသောက်ကုန်များကို ဆက်လက်၍ ဖြန့်ဝေဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)

 

a129