ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဝန်ကြီးဌာနရုံးများတွင် စာအုပ်များ ငှားရမ်းလျက်ရှိ

၁  မတ်        

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့နံနက် ၁၀ နာရီအချိန်တွင် စက်မှုဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို အားလပ်ချိန်မှာ စာဖတ်ပါဆောင်ပုဒ်နှင့်အညီ ဝန်ထမ်းများ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ ဝန်ထမ်းများ စာပေနှင့် အဆက်မပြတ် ထိတွေ့မှုရှိစေရန်၊ စာပေဖတ်ရှုလေ့လာလိုသည့် ဝန်ထမ်းများ၏ ဆန္ဒကို စာဖတ်သူရှိရာအရောက် စာအုပ်ငှားရမ်းပေးရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဝန်ကြီးဌာန (၁၈)ရုံးသို့ ရက်သတ္တ ၂ ပတ်လျှင် တစ်ကြိမ်နှုန်း ရုံးဖွင့်ရက်များတွင် သတ်မှတ်နေ့ရက်များအတိုင်း ငှားရမ်းပေးလျက်ရှိသည်။ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်တွင် သုတရသစာအုပ်ပေါင်း ၃၅၀ဝ ဖြင့် ရုံးအရောက် ငှားရမ်းပေးနေသည့်အတွက် စာဖတ်သူများအနေဖြင့် စာအုပ်မျိုးစုံကို အချိန်မကုန်၊ အလုပ်အကိုင်မပျက်ဘဲ စာပေဖတ်ရှုလေ့လာနိုင်ကြောင်း သိရသည်။

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ စာပေဖတ်ရှုလေ့လာနိုင်ရေးအတွက် ဝန်ကြီးဌာန ၆ ခုသို့လည်း သံစာအုပ်စင် ၃ စင်၊ စာအုပ်ပေါင်း ၃၀ဝ အုပ်စီကို ပေးပို့ထားရှိပြီး ၃လတစ်ကြိမ် လဲလှယ်ဖတ်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။ 

 

ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဖွံ့ဖြိုးရေး အထောက်အကူပြုစေရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ရုံးစာကြည့်တိုက်များကို လူထုအခြေပြုဗဟိုဌာနအဖြစ် အဆင့်မြှင့်တင်ပြီး ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ရပ်ကွက်၊ ကျေးရွာနှင့် စာသင်ကျောင်းများသို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့ (Shanti Volunteer Association)နှင့် ပူးပေါင်း၍ ကျေးရွာများနှင့် စာသင်ကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်အဖြစ် သုံးဘီးဆိုင်ကယ်များဖြင့်လည်းကောင်း စာအုပ်များ ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။

 

MDN

 

DSC_54