မြစ်ကြီးနား ၉ ဧပြီ

 

ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများထံသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်ဖြင့် COVID-19 ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားခရိုင် ပြန်ကြာ‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

 

မြစ်ကြီးနားခရိုင် ပြန်/ဆက်ဦးစီးဌာနအနေဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်ဖြင့် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်း SUB Centre အပတ်စဉ် အခမဲ့စာအုပ်ငှားခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာ အရုဏ်ဦးစာကြည့်တိုက်၌ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်း လုပ်ငန်းနှင့်အတူ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းပေးပို့လာသည့် COVID-19 ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး လက်ဆေးရည်ဖြင့် စနစ်ကျသည့် လက်ဆေးနည်းဖြင့် လက်ဆေးသည့် အလေ့အထရှိစေရေး အသိပညာ ပေးဆောင်ရွက်ခဲ့ကြသည်။

 

အလားတူ မိုင်းနားတိုးဂိတ်တွင်လည်း ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များ ခရီးသွားပြည်သူများအား ဖြန့်ဝေပေးခြင်း၊ COVID-19 ရောဂါနှင့် ပတ်သက်သည့် ဂီတ၊ ရုပ်ရှင်အနုပညာရှင်များ၏ အသိပေးနှိုးဆော်ချက်များ ပါဝင်သည့် ဗီနိုင်းပိုစတာ ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းပေးပို့လာသည့် လက်ကမ်းစာစောင်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခာအကြောင်း၊ ရောဂါဖြစ်ပွားသောဒေသမှ ပြန်လာသူများ၏ အတူနေမိသားစုများ လိုက်နာရန် အချက်များအပါအဝင် သင့်မိသားစုများ ကျန်းမာရေးအတွက် လက်ဆေးရန် စသည့် အသိပညာပေး လက်ကမ်းစာစောင်တစ်ခုဖြစ်ကြောင်း သိရှိရသည်။

 

ယော်ဆောင်(ပြန်/ဆက်)