တောင်ကြီး ၂ အောက်တိုဘာ
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် လျှက်ရှိသည့် ရွေ့လျားစာကြည့်တိုက် လုပ်ငန်းများ အရှှိန်အဟုန်မပျက် တိုးတက် ဆောင်ရွက်နိုင်ရန်၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာကြစေရန်နှင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာကြစေရန် ရည်ရွယ်လျက် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီတွင် ပင်းတယမြို့နယ်၊ ရေဖြူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် မွန်းလွဲ ၁ နာရီတွင် တောင်ပေါ်ကြီးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။
ပင်းတယမြို့နယ်၊ ရေဖြူကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ သုတ/ရသ စာအုပ် အုပ်ရေ(၁၀၀) နှင့် တောင်ပေါ်ကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ သုတ/ရသ စာအုပ် အုပ်ရေ(၂၀၀)တို့ကို ငှားရမ်းပေးခဲ့ကြောင်းနှင့် နှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်စာစောင်များအသစ်များ ပြန်လည်လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ကလောမြို့နယ် အတွင်းရှိ စာပေဝါသနာရှင်များ၊ စာအုပ်စာပေ ဖတ်ရှုလိုသူများ အနေဖြင့် ကလောမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အနောက်ဗိုကုန်းရပ်၊ စစ်ဦးစီးတက္ကသိုလ်လမ်း၊ မောမြေဦးပန်းခြံ အနီးရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်လည်း အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက်(၀၉:၀၀) နာရီမှ မွန်းလွဲ (၁၆:၃၀) နာရီ အချိန်အတွင်း အခမဲ့ အသင်း၀င်ရောက်၍ စာအုပ်စာပေများကို အခမဲ့ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သတင်းရရှိသည်။
မြင့်သန်းဦး(ပြန်/ဆက်)


